ပွဲတော်ချိန်

ပွဲတော်ချိန်
Published 20 September 2016
ဝဏ္ဏ(မိတ္တီလာ)

အစတုန်းကတော့ အလုပ်များနေသလိုလိုနဲ့ ဖောင်တော်ဦးပွဲချိန်ကို သိပ်စိတ်မဝင်စားမိ စက်တင်ဘာလထဲ ရောက်တော့မှ သွားရင်းလာရင်း ဖောင်တော်ဦးပွဲဈေးအတွက် မြေနေရာ ပြင်ဆင်မှုတွေတွေ့တော့ ဆိုင်းသံကြားတဲ့ ဇာတ်ဆရာလို ကချင်ခုန်ချင်သလိုလို ပွဲတော်သံကြားတော့ စက်တင်ဘာ ၉ ရက်ကနေ ၁၉ ရက်အထိ  ၁၀ ရက်ကြာ ကျင်းပမယ့် ပွဲတော်ရက်ကို မျှော်မိတယ်။ အချိန်တန် ပွဲခင်းထဲရောက်ဖြစ်တော့ လူပင်လယ်လှိုင်းလုံးကြီးကတော့ တရွေ့ရွေ့။
အစပိုင်းရက်တွေက မိုးရွာလိုက် တိတ်လိုက်ဖြစ်နေတော့ လည်ကြပတ်ကြသူတွေ စိတ်တိုင်းမကျ။ ဆိုင်ခန်းပေါင်း ၉၀၀ ကျော်နဲ့ မိတ္ထီလာ ဖောင်တော်ဦးပွဲ ကျင်းပချိန်တိုင်း မိုးမလွတ်တတ်တာမို့ မြို့ခံတွေနဲ့ ကျေးရွာဒေသခံတွေကတော့ မိုးရွာချိန်နားပြီး မိုးတိတ်ရင်ထွက်လည်ဖို့ စိုင်းပြင်းမြဲ။ ပွဲခင်းထဲက ဆောင်းဘောက်တွေမှာတော့ ဒီနှစ်အဆိုတော် မနောရဲ့သီချင်းတွေကသာ နေရာယူနေတယ်။ ၁၂ ပွဲဈေးသည်တွေ ဖွင့်တဲ့ သီချင်းတွေကို နားထောင်ကြည့်တာနဲ့ ဒီနှစ်အပေါက်ဆုံး အဆိုတော်ကို မှန်းကြည့်လို့ရတယ်။ ပွဲခင်းတစ်နေရာမှာတော့ မှန်ပေါင်ဆိုင်နဲ့ ဗေဒင်ဆရာ မျက်နှာချင်းဆိုင် ဖွင့်လှစ်ထားတာ မြင်ရတော့ ဖြတ်သွားဖြတ်လာ ဘုရားပွဲသည်တွေ ရယ်ပွဲဖွဲ့ကြတယ်။ ဖောင်တော်ဦးဘုရားပွဲချိန်ဆို မိတ္ထီလာတစ်နယ်လုံးသာမက အဝေးရောက် မိတ္ထီလာသူ၊ မိတ္ထီလာသားတွေတောင် သတိတရရှိကြတယ်။ ကျယ်ပြောလှတဲ့ မိတ္ထီလာကန်ကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ တံတားကနေ ပွဲခင်းကို ဟိုဘက်ဒီဘက် လျှောက်ရတာ ငယ်သူတွေအဖို့ ပျော်စရာပေမယ့် အသက်အရွယ် ရသူတွေအဖို့တော့ သိပ်မလွယ်လှ။

ကျန်ခဲ့တဲ့နှစ်ပိုင်းတွေက စတင်ပြီး ဖောင်တော်ဦးဘုရားပွဲ ဈေးခင်းပုံကို ပြင်ဆင်ခဲ့ရာကနေ ဖောင်တော်ဦး ဘုရားပွဲဈေးတန်းကို တံတားအရှေ့ဘက်ခြမ်းမှာ ဈေးတန်းတစ်ခု၊ တံတားအနောက်ဘက်ခြမ်းမှာ ဈေးတန်း တစ်ခု ခင်းကြတာမို့  တချို့ကဘုရားပွဲ ဈေးခင်းပုံကို သဘောကျ၊ တချို့သဘောမကျ။ ဘာပဲပြောပြော ဘုရားပွဲကတော့ အချိန်တန် စည်ကားမြဲ။ မကွေးမြေပဲလိတ်၊ ထီလာအကြော်၊ အောင်လံရေမုန့်အစရှိတဲ့ မြို့အမည်တွေကို အစွဲပြုကြတဲ့ ဈေးဆိုင်ခန်းတွေကလည်း မနည်းမနော။ ကရေကရာ စားချင်သလား အမြည်း စားကြည့်ပါလားဆိုတဲ့ အညာသူချောလေးရဲ့ ကရေကရာဆိုင်မှာလည်း ဝါသနာအိုးလူငယ်တွေ မနည်းမနော။ ပွဲဈေးသည်ရှင် အညာသူချောလေးကတော့ ၁၂ ပွဲဈေးသည် ဒါမျိုး ဈေးဝယ် ရိုးနေပြီဆိုတဲ့ မျက်နှာထားလေး တချီချီ။
ကန်ဘေးနားက ရဟတ်ချားကတော့ အရင်ရက်တွေ ဘယ်ဈေးယူလဲ မသေချာပေမယ့် တော်သလင်းလပြည့်နေမို့ တစ်ဦးကို ကျပ် ၁၀၀၀။ မကျေနပ်ရင် မစီးရုံသာ။သူတို့လည်း ဟိုစရိတ် ဒီစရိတ်နဲ့ မကိုက်ဘူး နှစ်စဉ်ပြောပေမယ့် အချိန်တန်တော့လည်း နှစ်စဉ် ဒီဈေးသည် ဒီဈေးဝယ် မျက်နှာချင်းတောင် တန်းမိနေပြီ။ ဘာပဲပြောပြော ဒီခေတ်ကုန်ဈေးနှုန်းနဲ့ ဘုရားပွဲလည်ဖို့ဆိုတာ လူတစ်ယောက် ကျပ် ၅၀၀၀ ပါရင်တောင် လောက်ရုံသာရှိသေးတယ်။

“ကိုယ်စီးလာတဲ့ ဆိုင်ကယ်ကိုအပ်ပြီးတာနဲ့ ဆိုင်ကယ်တစ်စီးအပ်ခ ကျပ် ၅၀၀ နဲ့ ငွေစကုန်ပြီ။ စိတ်ဆိုတာ အဆန်းပဲဗျ။ ဖောင်တော်ဦးဘုရားပွဲမှာ ရောင်းတဲ့ပစ္စည်းတွေ အကုန်လုံး မိတ္ထီလာဈေးထဲမှာ ဝယ်လို့ရတယ် ဆိုတာ လူတိုင်းသိနေတာပဲ။ ဒါပေမဲ့ ဘုရားပွဲဈေး ဟိုလျှောက်ဒီလျှောက်လုပ်ပြီး ဈေးဝယ်ရတာကို သဘောကျပြီး ဒီဘုရားပွဲဈေးရောက်မှပဲ ဝယ်တော့မယ်ဆိုတဲ့စိတ်နဲ့ စောင့်မျှော်နေရတာ။ အခုဘုရားပွဲထဲ ဟိုလျှောက်ဒီလျှောက် လုပ်နေတာ ဗုံတစ်လုံး ကျပ် ၃၀၀၀ နဲ့ ပင်လယ်ဓားပြလှေစီးတာ ကျပ် ၁၀၀၀၊ ငွေကျပ် ၄၀၀၀ ကုန်သွားပြီ။ ဒါပြီးအအေးဝင်သောက်ရင် လူလေးယောက်ဆို ကျပ် ၅၀၀၀ တော့ ထပ်ကုန်ဦးမှာပဲ။ ကုန်လည်းမတတ်နိုင်ဘူး။ ဒါဘုရားပွဲ အရသာပဲ” ဟု မိတ္ထီလာမြို့ခံ ကိုကြယ်စင်လင်းက ပြောပြတယ်။
ဘုရားပွဲထဲ ဟိုလျှောက်ဒီလျှောက်နဲ့ လူတစ်ယောက် အနည်းဆုံး ကျပ် ၅၀၀၀ နီးပါး ကုန်ပြီး အိမ်အပြန်မယ် မယ်ရရ ဘာမှမပါပေမယ့် ဘုရားပွဲလည် ပျော်ရွှင်စိတ်လေးသာ ပါကြတယ်။ ဒီနှစ်ဘုရားပွဲ လည်သူတွေထဲမှာ ချစ်စဖွယ် ကိုရင်ငယ်လေးတွေနဲ့ ချစ်စဖွယ် သီလရှင်လေးတွေလည်း ပါကြတယ်။ ငယ်ရွယ်သူ ကိုရင်ကလေးတွေမို့ ကစားစရာ သေနတ်လေးတွေပါကြတော့ မြင်ရသူတိုင်း စကြတယ်။ ကိုရင်ငယ်တစ်ပါးကတော့ အများနဲ့မတူ တစ်မူထူးပြီး ရဟတ်ယာဉ်ဝယ်တော့ ကိုရင်ကျောင်းကို ရဟတ်ယာဉ်စီး ပြန်မလား မေးစကြည့်တော့ ဘယ်ကလာ သုံးဘီးနဲ့ပြန်မှာဗျလို့ ဖြူစင်စွာ ဖြေတယ်။

ဘုရားပွဲအတူလည်တဲ့ မိတ်ဆွေ ကိုတင့်ခိုင်ကတော့ ဒီနှစ်ဘာထူးခြားလဲသိလား ဆယ်ကျော်သက်အတွဲတွေ အမြင်ရများလာတယ်။  သတိထားကြည့်လိုက်လို့ ဆိုတယ်။ သူပြောမှ သတိထားကြည့်တော့မှ ဆယ်ကျော်သက်အတွဲတွေက နည်းနည်းများနေသလိုလို။  လူကြားထဲ လက်ချင်းချိတ်၊ ခါးဖက်၊ တွဲဖက်ရမ်း တွဲလျှောက် နေကြတာမြင်ရတော့ မြန်မာဇာတ်လမ်းတွဲထဲက မင်းသား၊ မင်းသမီးတွေ အမှတ်ရမိတယ်။ ဘုရားပွဲကျင်းပချိန်တိုင်း မိတ္ထီလာသားတွေ စိတ်မကောင်းမိတာကတော့ ဖောင်တော်ဦးဘုရားကြီး မီးထိန်ထိန်လင်းအောင် မထွန်းညှိနိုင်တာပါပဲ။  အမှောင်ထဲမှာ ထင်းထင်းကြီးစံပယ်နေတဲ့ ဖောင်တော်ဦးဘုရားကြီးတော့ ဒီနှစ်ဘုရားပွဲအမြတ်နဲ့ လျှပ်စစ်မီးလင်းနေအောင် ထွန်းနိုင်တော့မှာ ပါကွာဆိုတာ နှစ်စဉ် ဖောင်တော်ဦးပွဲရောက်တိုင်း မိတ္ထီလာသားတွေရဲ့ မျှော်လင့်ချက်ပါပဲ။ အခုချိန်အထိတော့ မိတ္ထီလာသားတွေရဲ့ဆန္ဒ မပြည့်ဝသေးဘဲ ဖောင်တော်ဦးဘုရားကြီးဟာ ကန်ရေပြင်မှာ ဆင်ပါးစပ် နှမ်းပက်ထားတဲ့ လျှပ်စစ်မီးလေးနဲ့ စံပယ်နေရဆဲပါ။ သမ္မတကြီးဦးသိန်းစိန်လက်ထက်က အပြီးတည်ဆောက်ခဲ့တဲ့ မိတ္ထီလာကန်တံတားကတော့ တစ်ခါတစ်ရံ မီးလင်းပြီး တစ်ခါတလေ မှောင်မည်းကာ ကန်အလှကို လပြည့်ဝန်းရဲ့ သဘာဝအလင်းနဲ့သာ ကြည့်ကြခံစားနိုင်ကြဖို့  ပါရမီဖြည့်လ့ိုနေတယ်။

ဘုရားပွဲချိန်မို့ လပြည့်ဝန်းရဲ့အရသာကို ခံစားဖို့ မိတ္ထီလာကန်တံတားကို လျှပ်စစ်မီး ဖြတ်ထားတဲ့အတွက် ဘုရားပွဲလည်ပတ်သူတွေက အမှောင်ထဲမှာ ဖြတ်သန်းနေကြရတယ်။ လပြည့်ရက်မို့ အနယ်နယ်အရပ်ရပ်က ဘုရားပွဲလာသူတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကနေ တံတားထိပ်အထိ ကိုက် ၁၀၀၀ နယ်မြေလောက်ဟာ နာရီနဲ့ချီပြီး ပိတ်မိသွားကြတယ်။ ဘုရားပွဲလာ ခြေကျင်လျှောက်သူတွေ၊ ခရီးသွားကားတွေ မြို့ခံဆိုင်ကယ်တွေနဲ့ ပိတ်မိနေတဲ့လမ်းမပေါ်မှာ ကားဆိုင်ကယ် ဟွန်းသံတတီတီ။ ဘုရားပွဲဈေးခင်းက ဆူသံတွေနဲ့ ညံပွက်လို့နေတယ်။
လမ်းနံဘေးက လမ်းပေါ်တက်ပြီး ဖွင့်ထားတဲ့ ဆိုင်ကလည်း သူဆိုင်ကလမ်း မဟုတ်တာမို့ ဖြတ်သန်းသွားလာခြင်း မပြုဖို့ တားဆီးနေတော့ ဘုရားဖူးတွေ ပိတ်ဆို့နေခြင်းက အချိန်ပိုကြာစေတယ်၊ နောင်နှစ်တွေ လမ်းမပိတ်ဆို့ဖို့ဆိုရင် လမ်းဘေးထိ ထပ်ထွက်လာတဲ့ လက်ဖက်ရည်ဆိုင်တွေကို နောက်ဆုတ်ထားဖို့ တာဝန်ရှိသူတွေ မှတ်မှတ်ရရ လုပ်ဖို့လိုလိမ့်မယ်။
ဘာပဲပြောပြော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုထဲက ပင်လယ်ဓားပြရွက်လှေကြီး ပေါ်မှာ စီးမျောနေကြတဲ့ လူတချို့ကတော့ ပန်းပန်လျက်ပါပဲ။ ကားပိတ်ဆို့မှု့ကိုမမှုဘဲ ပိုလို့တောင် ပျော်ရွှင်စွာ အော်ဟစ်နေကြတယ်။ ဘုရားပွဲအတွင်း ပင်လယ်ဓားပြရွက်လှေကြီးက အအောင်မြင်ဆုံးမို့ ပင်လယ်ဓားပြ ရွက်လှေကြီး မြေနေရာက ရတဲ့ပိုက်ဆံကို ဘုရားကြီးက ဘယ်လောက်မြေနေရာက ဘယ်လိုခွဲဝေယူကြတယ်ဆိုတာ မြို့လူထုကစိတ်ဝင်စားကြတယ်။ ဘာပဲပြောပြောဘုရားပွဲကတော့ပြီးပြီမို့ ညစ်ပတ်သွားတဲ့ ကန်ပြင်နဲ့ လမ်းမတစ်လျှောက် ကျန်နေခဲ့တဲ့ အမှိုက်ပုံတွေကိုရှင်းလင်းဖို့ ပရဟိတသမားတချို့ကတော့ ပြင်ဆင်နေကြလေပြီ။ ဘုရားပွဲပြီးရင် အမှိုက်နဲ့ ကန်ရေ ညစ်ကျန်ရမယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မဖြစ်အောင် မြို့ခံပရဟိတသမားတွေနဲ့ တာဝန်ရှိသူအချို့ကြိုးစားနေကြပါပြီ။ နောင်နှစ်နောင်နှစ်တွေမှာလည်း  ပွဲတော်ချိန်ရောက်ရင် ဆုံစည်းကြဖို့ မျှော်လင့်ဖိတ်ခေါ်ရင်း ဒီတစ်နှစ် ဘုရားပွဲတော်ချိန်ဟာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။

Most Read

Most Recent