သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျာမနီ၊ ဂျပန်နှင့် မြန်မာတို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ထုတ်လုပ်ရန် လာမည့် ဧပြီ လဆန်းပိုင်းအတွင်း လက်မှတ်ရေးထိုးမည်

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျာမနီ၊ ဂျပန်နှင့် မြန်မာတို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ထုတ်လုပ်ရန် လာမည့် ဧပြီ လဆန်းပိုင်းအတွင်း လက်မှတ်ရေးထိုးမည်
Published 28 March 2016
နီလာ

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ဂျာမနီ အခြေစိုက် ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီ တစ်ခုနှင့် မြန်မာ ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာ စက်ရုံ တည်ဆောက်လုပ်ကိုင်နိုင်ရန်အတွက် လာမည့် ဧပြီလဆန်းပိုင်း အတွင်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွားရေး အများပိုင် ကုမ္ပဏီ (MAPCO) မှ သိရှိရသည်။“ဂျပန်နိုင်ငံက Mitsui နဲ့၊ ဂျာမနီက Behn Meyer နဲ့ MAPCO တို့ ပေါင်းပြီးတော့ Agri First Company ဆိုပြီး ဖက်စပ်ကုမ္ပဏီ တစ်ခု ထောင်ပြီးတော့ သီလဝါ အထူးစီးပွားရေးဇုန်မှာ ဓာတ်မြေသြဇာစက်ရုံ တည်ထောင် ထုတ်လုပ် လုပ်ကိုင်ဖို့ ရှိပါတယ်။ ဒေါ်လာ ၁၀ သန်းလောက် မြှုပ်နှံပြီး လုပ်ဖို့အတွက် သဘောတူညီထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဧပြီလဆန်းထဲမှာ သဘောတူညီချက် လက်မှတ် ရေးထိုးဖို့ ရှိပါတယ်။ ၇ ရက်လောက်မှာပါ” ဟု MAPCO ၏ Managing Director ဦးရဲမင်းအောင်က ပြောကြားသည်။အဆိုပါ စက်ရုံအား ၂၀၁၇ ခုနှစ်တွင် စတင် လည်ပတ်နိုင်ရန် ခန့်မှန်းထားပြီး စတင်လည်ပတ်ချိန်တွင် တစ်နှစ် တန်တစ်သိန်း ဝန်းကျင်ဖြင့် စတင်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။“အဓိက ကတော့ ကျွန်တော်တို့ MAPCO အနေနဲ့က ဆန်စပါး ထုတ်လုပ်မှု လုပ်ငန်းစဉ် လုပ်တယ်။ စက်မှုလယ်ယာ လုပ်ငန်းစဉ် လုပ်တယ်။ ဒီလို လုပ်ငန်းစဉ်တွေ လုပ်သလိုပဲ တောင်သူလယ်သမားတွေအတွက် လိုအပ်တဲ့ သွင်းအားစု လုပ်ငန်းတွေ တိုင်းပြည်မှာ လုံလုံလောက်လောက် မထုတ်နိုင်တဲ့အတွက် တရုတ်က တင်သွင်းတာတွေ ရှိတယ်။ ပင်လယ်ရပ်ခြား နိုင်ငံခြားက တင်သွင်းတာတွေ ရှိတယ်။ အခုလို တင်သွင်းတာတွေက ဘာပဲပြောပြော ကျွန်တော်တို့ တိုင်းပြည်မှာ မထုတ်လုပ်နိုင်တဲ့အတွက် အတော်ကြီး အားနည်းတဲ့ အနေအထား ရှိတယ်။ အခု ကျွန်တော်တို့က ဒီကိစ္စကို ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ဖို့ VMMI ဆိုတဲ့ တကယ့် ဓာတ်မြေသြဇာမှာ နှစ်ပေါင်း ၁၀၀ ကျော်လောက် ထုတ်လုပ်လာတဲ့ တော်တော်ကိုကြီးတဲ့ ကုမ္ပဏီ ဖြစ်တယ်။ ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ ဗီယက်နမ်တို့၊ မလေးရှားတို့မှာ ဓာတ်မြေသြဇာ စက်ရုံတွေ အများကြီးပဲ။ သူရဲ့ Quality ကလည်း အရမ်းကောင်းတယ်။ ဒီနှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိတဲ့ ကုမ္ပဏီက Behn Meyer ဆိုတာ ပါတယ်။ နောက် ကျွန်တော်တို့ရဲ့ မိတ်ဖက် ကုမ္ပဏီ Mitsui ပါတယ်။ နောက် ကျွန်တော်တို့ MAPCO ပါတယ်။ အဲဒါကြောင့် BMMM ဆိုပြီးတော့ သီလဝါ SEZ မှာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ဖို့ ဆိုပြီးတော့ အခု တည်ဆောက်ရေး လုပ်ငန်းတွေ စဖို့ ဆုံးဖြတ်ထားတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေ ဒီနှစ်ထဲမှာ စမယ်။ ၂၀၁၇ ခုနှစ်မှာ စက်စလည်ပြီးတော့ ပြည်တွင်းမှာပဲ ဓာတ်မြေသြဇာ ထုတ်လုပ်မယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

Most Read

Most Recent