ရန်ကုန်စတော့အိတ်ချိန်း စတင်လည်ပတ်မှုနဲ့ နိုင်ငံတော်ပိုင်မြေ၊ အဆောက်အအုံ ငှားရမ်းခတွေ နည်းပါးနေတာကို ပြန်သုံးသပ်ရမယ့် NLD အစိုးရ

ရန်ကုန်စတော့အိတ်ချိန်း စတင်လည်ပတ်မှုနဲ့ နိုင်ငံတော်ပိုင်မြေ၊ အဆောက်အအုံ ငှားရမ်းခတွေ နည်းပါးနေတာကို ပြန်သုံးသပ်ရမယ့် NLD အစိုးရ
Published 27 March 2016
ဖြိုးဝေ

ကမ္ဘာ့နိုင်ငံတွေထဲမှာ စတော့အိတ်ချိန်း မရှိတဲ့ နိုင်ငံသုံးနိုင်ငံသာ ကျန်ရှိတော့တဲ့ အခြေအနေက ရုန်းထွက်လာခဲ့တဲ့ ရန်ကုန်စတော့အိတ်ချိန်းဟာ စတင်ရောင်းချတဲ့နေ့မှာပဲ ကျပ်သုံးဘီလျံကျော်အထိ ရောင်းချနိုင်ခဲ့တဲ့ အနေအထားနဲ့ ရန်ကုန်မြို့ရှိ အများပြည်သူ အပန်းဖြေရာ ပန်းဥယျာဉ်များအတွင်း စီးပွားရေး အသုံးပြုမှုအတွက် ငှားရမ်းပေးထားတဲ့ နှုန်းထားတွေ၊ နိုင်ငံတော်ပိုင်မြေနဲ့ အဆောက်အအုံများ ငှားရမ်းခနှုန်းထားတွေဟာ နည်းပါးနေတဲ့အတွက် အစိုးရသစ် အနေနဲ့ ပြန်လည်စိစစ် သုံးသပ်သင့်ကြောင်း ဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒီရက်သတ္တပတ်ဟာ အများပြည်သူအတွက် အကျိုးရှိမယ့် ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ရန်ကုန်စတော့အိတ်ချိန်းရဲ့ သမိုင်း၁၉၉၅- ၁၉၉၆ ခုနှစ် ဘဏ္ဍာနှစ်က အစပြုခဲ့တဲ့ စီမံကိန်းတစ်ခုဟာ နှစ်ပေါင်း ၂၀ ခန့်အကြာ ၂၀၁၅ -၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်မှာ အိပ်မက်စီမံကိန်း အဖြစ်ကနေ လုပ်ငန်းလည်ပတ်မှု မပြုနိုင်သေးသော ရန်ကုန်စတော့အိတ်ချိန်းအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှာ နိုးထလာခဲ့ပါတယ်။ရန်ကုန်စတော့ အိတ်ချိန်းမှာဆိုရင် ရှယ်ယာရောင်းချမယ့် ကုမ္ပဏီတွေအဖြစ် First Myanmar Investment, First Private Bank၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public Co,Ltd၊ Great HOR KHAN Public Co.LtdeJY Myanmar Agribusiness Public Corporation (MAPCO) တို့ ဖြစ်ပါတယ်။ရန်ကုန်စတော့အိတ်ချိန်းဟာ လွယ်လင့်တကူ ပေါ်ထွက်မလာနိုင်ဘဲ အနှစ် ၂၀ ကျော် ကြာခဲ့သော်လည်း လက်ရှိဖွင့်လှစ်ချိန်အထိ နည်းဥပဒေများ အားနည်းမှု၊ စတော့အိတ်ချိန်းမှာ ပါဝင်မယ့် ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ စတင်ရောင်းချရန် အသင့်မဖြစ်သေးမှု၊ စတော့အိတ်ချိန်းကို ကြီးကြပ်မယ့် မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကြီးကြပ်မှု ကော်မရှင်ဟာ အစိုးရက ခန့်အပ်ထားသူတွေသာ ပါဝင်နေမှု၊ အများပိုင် ကုမ္ပဏီများ၏ ဥပဒေနှင့်မညီသော ရှယ်ယာရောင်းချမှုများကို ထိန်းကျောင်းအရေးယူနိုင်မှု အားနည်းနေမှုစတဲ့ ဝေဖန်မှုတွေနဲ့ ငွေမည်းခဝါချမှုတွေ ကြုံလာနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။ရန်ကုန်စတော့အိတ်ချိန်းကို ဂျပန်-မြန်မာဖက်စပ် တည်ထောင်ခဲ့တာဖြစ်ပြီး ခွင့်ပြုမတည် ရင်းနှီးငွေဟာ ကျပ်ဘီလျံ ၁၀၀ ဆိုပေမယ့် ထည့်ဝင်ရင်းနှီးငွေကကျပ် ၃၂ ဘီလျံသာ ဖြစ်ပါတယ်။ ဒီ့အတွက် ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာနိုင်ငံဘက်က မြန်မာ့စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နဲ့ Japan Exchange Group တို့က ၄၉ ရာခိုင်နှုန်းနဲ့ ပူးပေါင်းဖွဲ့စည်းခဲ့တာပါ။ ဒီနေရာမှာလည်း ဝေဖန်မှုက ဆက်ရှိခဲ့ပါတယ်။ အဲဒါကတော့ မြန်မာ့စီးပွားရေးဘဏ်ဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှု ခံနေရတဲ့ နိုင်ငံပိုင်ဘဏ်ဖြစ်လို့ ရန်ကုန် စတော့အိတ်ချိန်းဟာ အလိုအလျောက်ကိုပဲ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှု ခံလိုက်ရလို့ပါ။ရှယ်ယာစရောင်းတဲ့ FMI နဲ့ ဈေးအမြင့်နဲ့ ဝယ်ထားတဲ့ ရှယ်ယာရှင်တွေ အရှုံးပေါ်မှာလားရန်ကုန်စတော့အိတ်ချိန်းရဲ့ ရှယ်ယာ အရောင်းအဝယ်ကို ရုံးဖွင့်ရက်တွေမှာ နေ့စဉ်နံနက် ၁၁ နာရီ တစ်ကြိမ် ၊ မွန်းလွဲ ၁ နာရီတစ်ကြိမ်နဲ့ နှစ်ကြိမ်သာ ရောင်းချမှာ ဖြစ်ပါတယ်။ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာ စတင်ရောင်းချတဲ့ FMI ကုမ္ပဏီဟာ လက်ရှိမှာ  အစုရှယ်ယာရှင်ပေါင်း ၆၇၀၀ ကျော်ရှိပြီး ဈေးကွက်မတည်ငွေဟာ ကျပ်သန်း ၇၂၇၈၈၀ ရှိပါတယ်။မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်မှာ ပထမဆုံး စတော့ရှယ်ယာ ရောင်းချခွင့်ရ FMI ကုမ္ပဏီဟာ စတင်ရောင်းချတဲ့နေ့မှာ ရှယ်ယာတစ်စုကို ကျပ် ၂၆၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပြီး အမှန်တကယ် ရောင်းချရာမှာတော့  ကျပ် သုံးသောင်း တစ်ထောင်နဲ့ ရှယ်ယာ အစုပေါင်း တစ်သိန်းတစ်သောင်းကျော် ငွေပမာဏအားဖြင့် ကျပ်သုံး ဘီလျံကျော်နဲ့ မတ် ၂၅ ရက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။တကယ်ဆို မတ် ၂၅ ရက် မတိုင်မီမှာ FMI ရဲ့ ရှယ်ယာတစ်စုဟာ ကျပ်လေးသောင်းဝန်းကျင် ပေါက်ဈေးရှိခဲ့ပြီး တကယ်အဖွင့် ဈေးမှာတော့ ကျပ် ၂၆၀၀၀ ကျော်ရှိပြီး တကယ်ရောင်းချရမှုမှာတော့ ကျပ် ၃၁၀၀၀ သာဖြစ်တဲ့အတွက် စတော့အိတ်ချိန်းမှာ အမြတ်များများ ရမယ်ထင်ပြီး ကြိုဝယ်ထားသူတွေ အတွက်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။တစ်ဆက်တည်းမှာပဲ FMI ကုမ္ပဏီရဲ့ ရှယ်ယာတွေ ရောင်းချအပြီး ဧပြီလမှာ စပြီးရောင်းချမှာကတော့ သီလဝါ ရှယ်ယာတွေပါ။ ဒီနေရာမှာ မြတ်မယ်ထင်ပြီး သီလဝါ ရှယ်ယာဝယ်ယူလိုသူတွေ အနေနဲ့ သတိပြုသင့်တာက ကျပ်တစ်သောင်းနဲ့ ရောင်းခဲ့တဲ့ သီလဝါ ရှယ်ယာတွေဟာ အခုဆို ရှယ်ယာတစ်စုကို ကျပ် ၉၀၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိနေတာပါ။ ဒီလို ကျပ် ၉၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပေမယ့် ရန်ကုန်စတော့ အိတ်ချိန်းမှာ သီလဝါရှယ်ယာတွေ တင်ရောင်းရင်တော့ ကျပ် ၉၀၀၀၀ ဝန်းကျင်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မြတ်မယ်အထင်နဲ့ ရှယ်ယာတွေ ဝယ်သူတွေကတော့ သတိပြုဖို့လိုမှာ ဖြစ်ပါတယ်။ရန်ကုန်စတော့အိတ်ချိန်းကို ကြီးကြပ်မယ့် မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကြီးကြပ်မှု ကော်မရှင် အနေနဲ့လည်း အစုရှယ်ယာဈေး ဆွဲတင်ချင်လို့ ကုမ္ပဏီ အချင်းချင်းအကြား ဝယ်ယူမှုတွေနဲ့ ငွေမည်းခဝါချမှု တိုက်ဖျက်ရေး အစီအစဉ်တွေကို စနစ်တကျ လုပ်ဆောင်ဖို့ လိုမှာဖြစ်ပါတယ်။နိုင်ငံတော်ပိုင်မြေတွေ၊ အများပြည်သူပိုင် အပန်းဖြေနေရာတွေ ငှားရမ်းခ နည်းပါးနေမှုရန်ကုန်မြို့ရှိ အများပြည်သူ အပန်းဖြေရာ ပန်းဥယျာဉ်များအတွင်း စီးပွားရေး အသုံးပြုမှုအတွက် ငှားရမ်းပေးထားသော နှုန်းထားများ၊ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများအား ငှားရမ်းခနှုန်းထားများမှာ နည်းပါးနေ၍ အစိုးရသစ် အနေဖြင့် ပြန်လည်စိစစ် သုံးသပ်သင့်တယ်လို့ မတ် ၂၅ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ NLD လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။        “ဘတ်ဂျက်မှာ သာမန်ရငွေအပိုင်းမှာ ငှားရမ်းခတွေ အလွန်နည်းပါးနေတာတွေကို တွေ့ရပါတယ်။ မြကျွန်းသာကို ငှားရမ်းဖို့အတွက် ကုမ္ပဏီငါးခုက တင်ပြတယ်။ ကုမ္ပဏီငါးခုမှာ ကုမ္ပဏီသုံးခုသာ အမှုတွဲ တင်ပြထားကြောင်း သိရပြီး အဲဒီကုမ္ပဏီသုံးခုမှာ တစ်ခုကို ခွင့်ပြုမိန့် ပေးထားတာဖြစ်တယ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာအရ လေ့လာသိရှိရပါတယ်။ အဲဒီလို အများပြည်သူ အပန်းဖြေရာ နေရာတွေမှာ စီးပွားရေး အသုံးပြုမှုအတွက် ငှားရမ်းထားတာတွေကို လေ့လာကြည့်တဲ့အခါ ငှားရမ်းခတွေဟာ အလွန်နည်းပါးခြင်း ဖြစ်ပါတယ်။ အပန်းဖြေရာ ပန်းဥယျာဉ်ဆိုတဲ့ နေရာက အခွန်သည် စီးပွားရေးအခွန်နဲ့ နှိုင်းယှဉ်ရင် မတူညီနိုင်ပါဘူး။ သို့သော် စီးပွားရေး လုပ်ငန်းတွေကို ငှားရမ်းချထားပေးတဲ့ ငှားရမ်းခ ဈေးနှုန်းတွေဟာ အလွန်နည်းပါးတဲ့အတွက် အခွန်ရရှိမှုနဲ့ ပတ်သက်လို့ရှိရင် နောက်တာဝန်ယူမယ့် အစိုးရသစ် အနေနဲ့  လေးလေးနက်နက် ပြန်လည်စဉ်းစား သုံးသပ်သင့်ပါကြောင်း အကြံပြုလိုပါတယ်။ အလားတူ အခြားသော အပန်းဖြေရာ နေရာများလည်း များစွာရှိပါတယ်။ အဲဒီနေရာတွေမှာလည်း စီးပွားရေး လုပ်ငန်းတွေကို ငှားရမ်းမှုတွေ ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ရှိရင် သေသေချာချာ ပြန်လည်စိစစ် လေ့လာသုံးသပ်သင့်ကြောင်း လေးလေးနက်နက် အကြံပြုလိုပါတယ်” လို့ NLD က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ပြောပါတယ်။နိုင်ငံတော်က နစ်နာနေမှုများရန်ကုန်မြို့ရှိ အများပြည်သူ အပန်းဖြေရာ အထင်ကရ ပန်းဥယျာဉ်ကြီးတွေဖြစ်တဲ့ မြကျွန်းသာ၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်စတဲ့ နေရာတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေက စီးပွားရေး အသုံးပြုမှုအတွက် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားပါတယ်။ ဒီလိုငှားရမ်းရာမှာ ကန်တော်ကြီးနဲ့ ပြည်သူ့ရင်ပြင်ကို ငှားရမ်းထားတဲ့ ငှားရမ်းခနှုန်းထားတွေဟာ ခေတ်ကာလပေါက်ဈေးနဲ့ လျော်ညီမှု မရှိဘဲ လွန်စွာနည်းပါးနေတယ်လို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာက ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အထူးတင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ ကန်တော်ကြီး အတွင်းမှာရှိတဲ့ ကရဝိက်ဥယျာဉ် ကမ္ဘာရဲ့ မြေ ၂၅ ဧကကို ဇေကမ္ဘာ ကုမ္ပဏီကို ငှားရမ်းရာမှာ တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ သာ ရရှိ၍  နိုင်ငံတော်အတွက် နစ်နာနေတယ်လို့ ဆိုပါတယ်။ ကရဝိက်ဥယျာဉ်ကို ၂၀၁၀ ပြည့်နှစ်က စတင်ပြီး နှစ် ၃၀ ငှားရမ်းခြင်း ဖြစ်ပါတယ်။ ဒီလို ငှားရမ်းရာမှာ ပထမငါးနှစ်အထိ ငှားရမ်းခတစ်နှစ်လျှင် တစ်ဧကအတွက် ကျပ် ၁၂ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၃၀၀ ဖြင့် ငှားရမ်းခြင်းဖြစ်ပြီး စာချုပ်မှာ ငှားရမ်းခတွေကို နှစ်စဉ်တိုးမြင့်လာတဲ့ ကာလပေါက်ဈေးနဲ့ ဆီလျော်တဲ့ ငါးရမ်းခနှုန်းထားနှင့် ချိန်ထိုး၍ တိုးမြှင့်ဖို့သင့်ပေမယ့် မတိုးမြှင့်ခဲ့ကြောင်းနဲ့ နောင်ထပ်မံချုပ်ဆိုမယ့် စာချုပ်တွေမှာ နိုင်ငံတော်အတွက် မနစ်နာစေရန် နှုန်းထား တိုးမြှင့်ချုပ်ဆိုသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။အလားတူ ပြည်သူ့ရင်ပြင် အတွင်းရှိ မြေ ၇၆ ဒသမ ၃၆ ဧကကို Natural World ကုမ္ပဏီကို ငှားရမ်းရာမှာ တစ်ဧကကို တစ်လကျပ် ၃၅၀၀၀  (၀ ဒသမ  ၀၃၅ သန်း) သာ ရရှိတဲ့အတွက် နိုင်ငံတော်က နစ်နာနေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံက ဖော်ပြခဲ့ပါတယ်။ဒီလိုပဲ မြကျွန်းသာ ဥယျာဉ်အတွင်း မက်စ်မြန်မာ၊ ဧဒင်၊ Inya Palace၊ Magic Land၊ Nay La Pwint Service၊ MGS Resort and Entertainment Good Shan Brother၊ Rya Ji စတဲ့ ကုမ္ပဏီရှစ်ခုကို စုစုပေါင်း မြေ ၄၂ ဒသမ ၂၄ ဧကကို နှစ် ၆၀ သက်တမ်းနဲ့ ငှားရမ်းခဲ့ပေမယ့် တစ်နှစ်လုံးအတွက် ငှားရမ်းခဟာ  ၅၀၆ ဒသမ ၈၈ သန်းသာ ရရှိပါတယ်။ မြေတစ်ဧကချင်းကို တစ်လချင်း တွက်ချက်မယ်ဆိုရင် ကျပ် ၁၀ သန်းသာ ငှားရမ်းခ ရရှိတယ်လို့ လမ်းမတော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာကလည်း ထောက်ပြခဲ့ပါတယ်။တကယ်ဆို ဇေကမ္ဘာ၊ Natural World၊ မက်စ်မြန်မာ၊ ဧဒင်၊ Inya Palace၊ Magic Land၊ Nay La Pwint Service၊ MGS Resort and Entertainment Good Shan Brother၊ Rya Ji စတဲ့ ကုမ္ပဏီတွေ ငှားရမ်းခွင့် ရရှိထားတဲ့ နိုင်ငံတော်ပိုင်မြေတွေ အဆောက်အအုံတွေရဲ့ တစ်ဧက ငှားရမ်းခတွေဟာ  ရန်ကုန်မြို့ရဲ့ ၁၅ ပေ၊ ပေ ၆၀ တိုက်ခန်းတစ်ခန်း ငှားရမ်းခလောက်တောင် ပေးချေရမှု မရှိဖြစ်နေတာပါ။ ဒါပေမဲ့ ဒီမြေနေရာတွေကို စီးပွားရေးအတွက် အသုံးချနေတဲ့ ဒီကုမ္ပဏီတွေကတော့ လစဉ်သိန်းရာနဲ့ ထောင်နဲ့ချီပြီး အကျိုးအမြတ် ရရှိနေပါတယ်။  NLD အစိုးရအနေနဲ့ နိုင်ငံပြန်လည် ထူထောင်ရာမှာ ခရိုနီတွေ၊ လုပ်ငန်းရှင်ကြီးတွေကို နိုင်ငံပိုင် မြေနေရာတွေ အခမဲ့ နီးပါးပေးထားတာ၊ ငှားရမ်းထားတာတွေဟာ အမြန်ဆုံး ပြန်လည်စိစစ်ရမယ့် လုပ်ငန်းစဉ်ပဲဖြစ်ပြီး ဒီလိုနိုင်ငံတော်အတွက် နစ်နာနေရတဲ့ မြေနဲ့ အဆောက်အအုံ ငှားရမ်းခတွေကို နိုင်ငံ မနစ်နာရအောင် ပြန်လည်ပြင်ဆင်ချုပ်ဆိုကာ ပိုမိုတိုးမြင့်ရလာတဲ့ ငှားရမ်းခတွေကို နိုင်ငံ့ဘတ်ဂျက်မှာ ပြည်သူ့အတွက် အသုံးပြုလာနိုင်အောင် လုပ်ဆောင်တာကလည်း ပြည်သူတွေအတွက် သက်သာချောင်ချိအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်လို့ ပြောကြားရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။  

Most Read

Most Recent