၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မကုန်မီ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ယခင်ထက် တန်ချိန်နှစ်သောင်းကျော် လျော့နည်းသော်လည်း ဒေါ်လာသန်း ၁၀၀ ကျော်ပိုမိုရရှိထား

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မကုန်မီ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ယခင်ထက် တန်ချိန်နှစ်သောင်းကျော် လျော့နည်းသော်လည်း ဒေါ်လာသန်း ၁၀၀ ကျော်ပိုမိုရရှိထား
Published 26 March 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မကုန်မီ မတ်  ၄ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ယခင်နှစ်ကာလတူထက် တန်ချိန်နှစ်သောင်းကျော် လျော့နည်းသော်လည်း ယင်းတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ပိုမိုရရှိထားကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် ပြည်ပတင်ပို့သည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။ထို့ပြင် တောင်သူများအနေဖြင့် ပဲဈေးနှုန်း အတက်အကျပေါ် မူတည်ကာ ဈေးကွက်၌ ကုန်စည်ထိန်း၍ ရောင်းချမှုများကြောင့် ရန်ကုန်သို့ ကုန်အဝင်နည်းသော်လည်း ဈေးနှုန်းမှာမူ ကျပ်နှစ်သိန်းနီးပါး ပြန်လည်မြင့်တက်လျက်ရှိပြီး လက်ရှိတွင် ပြည်ပဝယ်လိုအား ပုံမှန်ဖြစ်နေခြင်းကြောင့် ဈေးကွက်အတွင်း ပဲဈေးနှုန်း ငြိမ်လျက်ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပဲကုန်သည်များမှ သိရသည်။“မတ်လ ဒုတိယပတ်လောက်စပြီး ပဲဈေးက နှစ်သိန်းဝန်းကျင်လောက် ပြန်တက်လာပါတယ်။ လက်ရှိပေါက်ဈေးကလည်း ဒီဈေးနှုန်းပဲ။ ပြည်ပဝယ်လိုအားကလည်း ပုံမှန်ဖြစ်နေတော့ ဈေးကွက်မှာ ပဲဈေးနှုန်းက ငြိမ်ပါတယ်။ သိပ်ထူးခြားမှု မရှိပါဘူး။ ပဲစင်းငုံပဲ ကျပ်နှစ်သောင်းလောက်တက်တာပဲ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ပဲကုန်သည်၊ နှမ်းကုန်သည်များအသင်း သတင်းပြန်ကြားရေးမှ ဒေါက်တာမြတ်စိုးက ပြောကြားသည်။ပဲဈေးနှုန်းများမှာ လက်ရှိပေါက်ဈေး အနေဖြင့် မတ်ပဲတစ်တန်လျှင် ကျပ် ၁၄၅၀,၀၀၀၊ ပဲတီစိမ်းအချိန် ၆၀ လျှင် အရည်အသွေးပေါ် မူတည်ကာ ကျပ် ၁၁ သိန်းကျော်နှင့် ၁၀ သိန်းဝန်းကျင်ရှိပြီး ပဲစင်းငုံတစ်တန်လျှင် ကျပ် ၁၃၉၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ ပဲစင်းငုံ တစ်တန်လျှင် နှစ်ရက်အတွင်း ကျပ်နှစ်သောင်းမြင့်တက်မှုရှိကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှမတ် ၄ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၁၀၄၂၆၀၀ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာသန်း ၁၀၁၀ ရရှိထားကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၁၀၆၉၃၀၀ တင်ပို့ထားပြီး  အမေရိကန်ဒေါ်လာ ၈၆၂ သန်း ရရှိထားကြောင်း သိရသည်။ထို့ကြောင့် ကာလတူတင်ပို့မှုတန်ချိန် နှိုင်းယှဉ်ကြည့်ရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ တင်ပို့မှုတန်ချိန် နှစ်သောင်းကျော် လျော့နည်းသော်လည်း နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ဒေါ်လာသန်း ၁၀၀ ကျော်ပိုမိုရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

Most Read

Most Recent