၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ မတ် ၁၈ ရက်အထိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၇ ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ် ၁၈ ရက်အထိ အစည်းအဝေး (၁၀) ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပမှ လုပ်ငန်းများ ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၇ ခုကို ခွင့်ပြုပေးခဲ့ကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အများဆုံး ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။နောက်ဆုံး ထုတ်ပြန်ခဲ့သော ၂၀၁၆ ခုနှစ် မတ် ၁၈ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး (၁၀/၂၀၁၆)တွင် ဟိုတယ် တည်ဆောက်မှု လုပ်ငန်းများ၊ လက်ခစား စနစ်ဖြင့် ငှက်သိုက်သန့်စင်ခြင်း လုပ်ငန်း၊ လက်ခစား စနစ်ဖြင့် အိတ်အမျိုးမျိုးနှင့် လက်ကိုင်အိတ် အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၊ လက်ခစား စနစ်ဖြင့် အားကစားပစ္စည်း ထည့်သည့် အိတ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း၊ စကျင်ကျောက်ပြား၊ စကျင်ကျောက်မှုန့်နှင့် ပွတ်လုံးထုတ်လုပ်ခြင်း လုပ်ငန်း၊ သံနှင့် သံမဏိပစ္စည်း အမျိုးမျိုး ပြုပြင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ စိုက်ပျိုးရေး အခြေခံ ဘက်စုံစီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်း၊ ဘီအိုတီ စနစ်ဖြင့် ခေတ်မီ အပြည်ပြည်ဆိုင်ရာ ဆန်နှင့် ကောက်ပဲသီးနှံ တင်ချ ဆိပ်ခံတံတားနှင့် စီးပွားရေးလုပ်ငန်း ဆောင်တာများ၏ ဆက်စပ် အဆောက်အအုံများ တည်ဆောက်ခြင်း လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်း ၁၃ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံပြီး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ကာလရှည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိပြီး ယင်းစီမံကိန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်းခြောက်ထောင် ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် ရင်းနှီးမြှုပ်နှံရာတွင် လုပ်သားအင်အား အများအပြား အသုံးပြုရသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု တိုးတက်နိုင်စေမည့် လုပ်ငန်းများ ပိုမို ဝင်ရောက်စေရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသည်။လက်ရှိ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ ဒေါ်လာ ၅၉၈၉၆ သန်းကျော် (၅၉ ဒသမ ၈၉ ဘီလျံ) ခွင့်ပြုခဲ့ပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် စုစုပေါင်း ကျပ် ၈၀၅၀ ဘီလျံကျော် (ကျပ် ၈၀၅၀၂၂၉) သန်း ခွင့်ပြုခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် မတ်လ တတိယပတ်အထိ နှစ်လကျော်အတွင်း ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ၇၇ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိ










