ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်တာ ကာလတွင် ဥပဒေ ၂၁၃ ခု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ပြောကြား

ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်တာ ကာလတွင် ဥပဒေ ၂၁၃ ခု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ပြောကြား
Published 18 January 2016
စိုးမင်းထိုက်

ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်တာ ကာလအတွင်းတွင် ဥပဒေပေါင်း ၂၁၃ ခု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာအား အမျိုးသားလွှတ်တော်သို့ တင်သွင်းစဉ် ပြောကြားသည်။၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ဥပဒေ ၁၅ ခု၊ ၂၀၁၂ ခုနှစ်တွင် ၂၂ ခု၊ ၂၀၁၃ ခုနှစ်တွင် ၃၆ ခု၊ ၂၀၁၄ ခုနှစ်တွင် ၅၂ ခု၊ ၂၀၁၅ ခုနှစ်တွင် ၇၃ ခု၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ခြောက်ခုကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပေါင်း ကိုးခုအား အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။အမျိုးသားလွှတ်တော် အနေဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့သည့် ဥပဒေကြမ်း ၁၀၈ ခု၊ ပြည်သူ့လွှတ်တော်မှ အမျိုးသားလွှတ်တော်သို့ ပေးပို့လာသည့် ဥပဒေကြမ်း ၁၁၅ ခု၊ ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်း ငါးခုအား ပြန်လည်ပေးပို့နိုင်ရန် ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ဥပဒေကြမ်း ကော်မတီ အနေဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်တာ ကာလအတွင်းတွင် ကြားနာညှိနှိုင်း အစည်းအဝေးပေါင်း ၃၉၈ ကြိမ်၊ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမှု ၂၆၅ ကြိမ်၊ အမျိုးသားပညာရေး ဥပဒေကြမ်း၊ မျိုးစောင့်ဥပဒေကြမ်းများ စသည်ဖြင့် ကြားနာမှုများ ပြုလုပ်ကာ အတည်ပြုနိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အမျိုးသားလွှတ်တော် အနေဖြင့် ၂၀၁၁ ခုနှစ်၌ အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်း ရှစ်ခု၊ ပြည်သူ့လွှတ်တော်မှ ပေးပို့လာသည့် ဥပဒေကြမ်း ရှစ်ခု၊ ၂၀၁၂ ခုနှစ်၌ အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်း ၂၈ ခု၊ ပြည်သူ့လွှတ်တော်မှ ပေးပို့လာသည့်  ဥပဒေကြမ်း ၁၁ ခု၊ ၂၀၁၃ ခုနှစ်တွင် အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်း ၂၁ ခု၊ ပြည်သူ့လွှတ်တော်မှ ပေးပို့လာသည့် ဥပဒေကြမ်း ၁၇ ခု၊ ၂၀၁၄ ခုနှစ်၌ အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်း ၂၅ ခု၊ ပြည်သူ့လွှတ်တော်မှ ပေးပို့လာသည့် ဥပဒေကြမ်း ၂၈ ခု၊ ၂၀၁၅ ခုနှစ်၌ အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်း ၂၆ ခု၊ ပြည်သူ့လွှတ်တော်မှ ပေးပို့လာသည့် ဥပဒေကြမ်း ၅၁ ခု၊ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့် ဥပဒေကြမ်း ငါးခုတို့အား ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent