စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်အတွက် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အခြားအဖွဲ့အစည်းများ အားလုံးနှင့် လွှတ်တော်ပြင်ပ နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဇန်နဝါရီ ၁၇ ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဗဟိုကော်မတီ မျက်နှာစုံညီ ၂၀၁၅ နှစ်ချုပ် အစည်းအဝေးကြီးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၁၇ ရက်အထိ ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးကို ပါတီနာယက၊ ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးနှင့် တပ်မှူးများ တက်ရောက်ခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ၊ တပ်ပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်မှု၊ လက်ရှိ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်း SSPP ၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။အဆိုပါ သဘောထားကြေညာချက်အရ နိုင်ငံရေး အရင်းခံများကြောင့် ဖြစ်ပေါ်ခဲ့သော ပြည်တွင်းစစ်များ ပြဿနာများကို စစ်ရေးနည်းဖြင့် အင်အားသုံး မဖြေရှင်းကြဘဲ စစ်မှန်သော နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန်၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်အတွက် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အခြားအဖွဲ့အစည်းများ အားလုံးနှင့် လွှတ်တော်ပြင်ပ နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရှမ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ ရှမ်းပြည်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံးညီညွတ်ရေးကို အလေးထား ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။ထို့ပြင် ရှမ်းပြည်တိုးတက်ရေးပါတီ နယ်မြေအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူနေမှုဘ၀ မြှင့်တင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် လုပ်ဆောင်ရန်၊ တိုင်းပြည်နှင့် လူမျိုးကို အန္တရာယ်ဖြစ်စေသော မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီမှ မူလချမှတ်ထားသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး မူအတိုင်း ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ရန်နှင့် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး၊ နေရာပြန်လည် ချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလေးထား အကောင်အထည်ဖော် လုပ်ဆောင်သွားရန်ဟုလည်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ သဘောထား ကြေညာချက်တွင် အထက်ပါ ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ပြည်သူလူထုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။သဘောထား ကြေညာချက်နှင့် ပတ်သက်၍ SSPP ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ စဝ်နော်လိတ်က “ကြေညာချက် ထုတ်ပြန်တာ ဟုတ်ပါတယ်။ ကြေညာချက်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်ကတော့ ကျွန်တော်က ပြောရေးဆိုခွင့်ရှိသူ မဟုတ်တဲ့အတွက် ဗိုလ်မှူးကြီး စိုင်းလနဲ့ ဗိုလ်မှူး စိုင်းဆုတို့ကို မေးလိုက်ပါ” ဟု ပြောကြားသည်။ဗိုလ်မှူးကြီး စိုင်းလနှင့် ဗိုလ်မှူး စိုင်းဆုတို့ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဆက်သွယ် မရခဲ့ပေ။ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် NCA လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့တွင် မပါဝင်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့လည်း မတက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အခြားအဖွဲ့အစည်းများ အားလုံးနှင့် လွှတ်တော်ပြင်ပ နည်းလမ်းဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဟု SSPP သဘောထား ကြေညာချက် ထုတ်ပြန်















