ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာခြင်းမျိုး ခိုင်မာမှု ရှိစေရန်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လာနိုင်ရေး ကြိုးပမ်းရန်လိုဟု ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်ထိ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခဲ့မှုနှင့် ပတ်သက်၍ ညီလာခံပိတ်ပွဲ အခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ညီလာခံ ကျင်းပနိုင်ခဲ့မှု၊ လာမည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပိုမိုအားကောင်းရန် ဆောင်ရွက်သင့်သည်များကို ရှင်းလင်း ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က “ဒီတစ်ခေါက်က အုတ်မြစ်ကို ၆၈ နှစ်ကြာပြီဖြစ်တဲ့ ပြည်တွင်း ပဋိပက္ခကို လက်နက်နဲ့ ဆောင်ရွက်ခဲ့တဲ့ အနေအထားကနေ နိုင်ငံရေးအရ ဆွေးနွေးပြီး အဖြေရှာဖို့ကို ဒီညီလာခံက မွေးဖွားပေးလိုက်ပြီ ဖြစ်ပါတယ်။ မွေးဖွားခါစဆိုရင် ခိုင်မာအောင်လို့ ဘက်ပေါင်းစုံကနေ ကျွန်တော်တို့အားလုံး ဝိုင်းကြိုးစားဖို့ လိုမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ခေါက်ရဲ့ အခြေအနေတွေနဲ့ အချိန်အခါတွေဟာ ပိုပြီးတော့ အချိန်အခါ ရနိုင်တယ်။ ပိုပြီးတော့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။ အစုအဖွဲ့တွေလည်း ဒီထက်ပိုပြီးတော့ များလာလိမ့်မယ်။ ဒီတစ်ခေါက် စပြီးတော့ နိုင်ငံရေး ဆွေးနွေးမှု အခြေခံအုတ်မြစ် မွေးဖွားလာခြင်းဟာ နောက်တစ်ခေါက်က ဒီထက်ပိုပြီးတော့ ခိုင်မာပြီးတော့ အခြေအနေ ပိုကောင်းမယ်လို့ ယုံကြည်တယ်” ဟု ပြောကြားသည်။UPDJC အတွင်းရေးမှူး အဖွဲ့ဝင် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်က “ဒီညီလာခံဟာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်းအသစ် စတယ်လို့ပဲ မြင်ပါတယ်။ သဘောတူတဲ့ သူတွေရှိမယ်။ သဘောမတူတဲ့ လူတွေလည်း ရှိမယ်။ ဒါပေမဲ့ နှစ်ပေါင်း မြောက်မြားစွာ နှစ်ပေါင်း ၅၀ ၊ ၆၀ ကျော် ကျွန်တော်တို့ စစ်ရေးနည်းနဲ့ပဲ အမြဲတမ်း ဖြေရှင်းခဲ့တဲ့ ကိစ္စတွေကို ဒီအချိန်မှာ နိုင်ငံရေး နည်းလမ်းနဲ့ ကျွန်တော်တို့ ဘယ်လိုဖြေရှင်းမယ်ဆိုတာ စပြီးတော့ ဖြေရှင်းတဲ့ ယန္တရား စတင်ပြီးတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြတာ။ အားလုံးသိတဲ့အတိုင်းပဲ ဒီမှာတပ်မတော်ကလည်း တပ်မတော် အစုအဖွဲ့ရဲ့ သဘောထားတွေ ပြောကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ကျွန်တော်တို့ပါတီ အဖွဲ့အစည်းတွေကလည်း ပါတီတွေရဲ့ သဘောထားတွေ ပြောကြတယ်။ မတူညီတဲ့ ဒီသဘောထားကို တစ်နေရာတည်းမှာ ကျွန်တော်တို့ ပြောကြတယ်။ ဆိုကြတယ်။ ဒါပေမဲ့ ဒီညီလာခံကတော့ ရည်မှန်းချက်ကလည်း ဆုံးဖြတ်ချက်ချမှာ မဟုတ်ဘူးဆိုတာ ပါတဲ့အတွက်ကြောင့်မို့ အဖွဲ့အစည်း အသီးသီးရဲ့ ဆန္ဒတွေ၊ သဘောထားတွေ၊ မူဝါဒတွေ ဒီမှာတင်ပြရင်းနဲ့ မှတ်တမ်းတင်ဖို့ပဲဆိုတော့ ဒီညီလာခံဟာ ဆိုရင်ဖြင့် သဘောထား မှတ်ချက်အနေနဲ့ မှတ်တမ်းယူခဲ့တယ်။ တစ်ဦးနဲ့ တစ်ဦးက ဆန္ဒထုတ်ဖော်ကြတယ်။ တစ်ဦးဆိုတာ အစုအဖွဲ့တွေကို ပြောတာပေါ့။ အဖွဲ့အစည်းတွေကို ပြောတာပေါ့။ အခါတိုင်းဆိုရင် ဒီလိုစကားမျိုး ပြောနိုင်ဖို့ စစ်တိုက်ကြရမှာတွေ ရှိပါတယ်။ ဒါမှမဟုတ်ရင် နိုင်ငံရေးသမားဆိုရင် ဒီစကားတစ်ခွန်းအတွက် ထောင်ထဲ ရောက်သွားမှာတွေ ရှိပါတယ်။ ဒါပေမဲ့ အခုဒီညီလာခံကို စတင်ကျင်းပနိုင်ခြင်း ဆိုတာက နိုင်ငံရေး အခင်းအကျင်း အသစ်ကို အရွေ့လို့ပဲ မြင်ပါတယ်” ဟု ပြောကြားသည်။UPDJC အတွင်းရေးမှူး အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းက “အခုကျင်းပနေတဲ့ ညီလာခံရှေ့မှာ ဆက်ပြီးတော့ ကျင်းပနိုင်မယ်ဆိုရင် တော်တော်လေး ကောင်းမွန်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံး အောင်မြင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဘက်ကဆိုရင် ကျွန်တော်တို့ အနေနဲ့ အင်အားက တစ်ပိုင်းတစ်စပဲ ပါနိုင်သေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းထဲက တစ်ဝက်လောက်က NCA လက်မှတ် မထိုးနိုင်သေးတဲ့အတွက် ပါဝင်နိုင်ခြင်း မရှိသေးဘူး။ သူတု့ိပါဝင်လာရင် ပိုပြီးတော့ အားကောင်းမယ်။ ပိုပြီးတော့ ဆွေးနွေးချက်တွေ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောကြားသည်။ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အနှစ်သာရပိုင်းတွင် အားရကျေနပ်ဖွယ်ရာ ကောင်းသော်လည်း အသွင်သဏ္ဌာန်ပိုင်းတွင် အနည်းငယ် အားနည်းချက် ရှိသည်ကို တွေ့ရသည်ဟု တပ်မတော်အစု အဖွဲ့ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးခင်ဇော်ဦးက ပြောကြားသည်။ဦးခင်ဇော်ဦးက “နောင်ညီလာခံတွေကျတော့ ကျွန်တော်တို့ အကြံပြုချင်တာကတော့ ကြိုပြီးတော့ အချိန်ပေးပြီးတော့ ခေါ်တာမျိုး။ ပြီးတော့ ညီလာခံ ကိုယ်စားလှယ်တွေကို အစုအဖွဲ့လိုက် ကိုယ်ကကိုယ့်အစုအဖွဲ့နဲ့ ကိုယ်ဘယ်လိုတွေ တင်ပြကြမလဲဆိုတာ အားလုံးညီညွတ်တဲ့ အဖြေလေးတစ်ခုရမယ် ရပြီးတဲ့အခါကျတော့မှ အကြောင်းအရာအလိုက် ဆိုလို့ရှိရင် အဲဒီအစုအဖွဲ့ကို ကိုယ်စားပြုပြီးတော့ တင်ပြသွားကြမယ်ဆိုရင် ပိုပြီးတော့မှ ဆွေးနွေးရတာ ကောင်းမယ့်သဘောမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ရပ်တည်ကြတဲ့ ပလက်ဖောင်း မတူကြတဲ့အခါမှာ အမြင်လေးတွေ ချဉ်းကပ်ပုံလေးတွေ မတူကြပါဘူး။ အဲဒီလို မတူကြတဲ့အခါမှာ အစုအဖွဲ့လိုက် ပုံစံမျိုး မဟုတ်ဘဲ တစ်ဦးချင်း ပြောလာတဲ့အခါမှာ တစ်ဦးချင်းရဲ့ ခံစားမှုတွေ ပါလာပါတယ်။ ခံစားမှုတွေ ပါလာတဲ့အခါကျတော့ ပြောရဆိုရတဲ့အခါ နည်းနည်းလေး တစ်မျိုးလေးဖြစ်တာပေါ့။ နောင်လာမယ့် ညီလာခံကျရင် အချိန်ကို နည်းနည်းလေး ပိုပြီးတော့မှ ကြိုတင်အကြောင်းကြားပါ။ ကြိုတင် အစုအဖွဲ့တွေ စုဖွဲ့ပါ။ မိမိအစုအဖွဲ့က တင်ပြမယ့်ဟာတွေကို ကြိုတင်စုစည်းပြီးတော့ ပြောဆိုဆွေးနွေးကြမယ်ဆိုရင် ပိုပြီးတော့မှ အသွင်သဏ္ဌာန်အရပါ ကောင်းတဲ့ညီလာခံ ဖြစ်လာမယ်လို့ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောကြားသည်။ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ပြည်သူ့ကိုယ်စားပြုမှု အားနည်းနေကြောင်းနှင့် လာမည့်ညီလာခံများတွင် ယခုထက် ပိုမိုပီပြင်ပြီး အားလုံးအတွက် အဆင်ပြေစေမည့် ညီလာခံ ပုံစံမျိုးဖြစ်ရန် လိုအပ်သည်ဟုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိုယ်စားလှယ်များ၏ သုံးသပ်ပြောကြားမှုလည်း ရှိနေသည်။အထူးသဖြင့် ညီလာခံတွင် ပါဝင်သည့် အစုအဖွဲ့ပုံစံနှင့် ပါဝင်သည့် ကိုယ်စားလှယ် အချိုးအစား၊ ကိုယ်စားပြု ပါဝင်ခွင့်ရသည့် ကိစ္စများနှင့် ပတ်သက်ပြီး ပြောကြားကြခြင်း ဖြစ်သည်။“ကျွန်တော့်အမြင်ကတော့ UPDJC အစည်းအဝေး လုပ်စဉ်တုန်းက ဝိုင်းပြီးတော့ ဆွေးနွေးကြတာပေါ့။ သူ့အမြင် ကိုယ့်အမြင် နဲ့ပေါ့။ အစုသုံးစု ဖြစ်ရင်ဖြစ်မယ်။ ငါးစုဖြစ်ရင် ဖြစ်မယ်။ အင်အားကို ဘယ်လောက် ထားသင့်တယ်ဆိုပြီး သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးကြတယ်။ အဲဒီဆွေးနွေးပြီးတဲ့ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့မှ ကျွန်တော်တို့ အစုအဖွဲ့ကြီး ငါးစုနဲ့ သွားပါမယ်။ အစုအဖွဲ့ငယ်နှစ်ခုနဲ့ သွားပါမယ်။ အင်အားကို ဘယ်လောက်ဆိုတာ အားလုံး သဘောတူပြီးပြီ။ သဘောတူပြီးလို့ ဒီညီလာခံ လုပ်တာလေ” ဟု တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ် ဦးခင်ဇော်ဦးက တုံ့ပြန်ပြောကြားသည်။ဒေါက်တာ ဆလိုင်းလျန်မှုန်းက “ကျွန်တော်တို့ဟာ အပြင်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းနဲ့ အပြင်ကနေ လှုပ်ရှားခဲ့ကြတဲ့ အဖွဲ့အစည်း တော်တော်များများက ၁၉၉၅ ကတည်းက သုံးပွင့်ဆိုင်ဆိုတာ ကျွန်တော်တို့ တောင်းဆိုခဲ့တာ ရှိတယ်။ အဲဒီတုန်းက ကျွန်တော်တို့ တောင်းဆိုခဲ့တုန်းက အဲဒီတုန်းက အစိုးရဖြစ်တဲ့ နဝတ၊ နအဖ အစိုးရရယ် ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ရယ် တိုင်းရင်းသား အဖွဲ့အစည်းတွေရယ် ဆိုပြီးတော့ ဒီအခြေခံမူနဲ့ ကျွန်တော်တို့ တောင်းဆိုခဲ့တာ ဖြစ်တယ်။ ဒီအခြေခံမူဟာ ၁၉၉၀ ကာလမှ အင်မတန်မှ ကောင်းတယ်။ လိုလားချက် အပေါ်မှာ ကျွန်တော်တို့ တောင်းဆိုခဲ့တာ ဖြစ်တယ်။ အခုဟာက နိုင်ငံရေးဆိုတာ အမြဲတမ်း ရပ်တည်နေတာ မဟုတ်ဘူး။ ပြောင်းလဲနေတာ။ ပြောင်းလဲနေတဲ့ အနေအထားမှာတောင်မှ ရွေးကောက်ပွဲ မတိုင်ခင် အနေအထားနဲ့ ရွေးကောက်ပွဲပြီးမှ အနေအထားတွေက ပြောင်းလဲနေပါတယ်။ ဟိုတုန်းက သုံးပွင့်ဆိုင် ပြောခဲ့တဲ့အတွက် ယနေ့လည်း ဒီအတိုင်းပဲ ဖြစ်ရမယ် ဆိုတာမျိုးထက် တိုင်းပြည်ရဲ့ လိုလားချက် အခြေအနေ အချိန်အခါရဲ့ တောင်းဆိုမှုအရ ကျွန်တော်တို့အားလုံး ပါဝင်လာနိုင်ရေးနဲ့ အမြင်ကျယ်ကျယ်နဲ့ ညှိနှိုင်းနိုင်ခြင်းက အရေးကြီးတယ်လို့ မြင်တယ်” ဟု ရှင်းပြသည်။နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ အထွေထွေ အခန်းတွင် မူဘောင်ပြင်ဆင်ခြင်း ဆိုသည့်အချက် ပါဝင်ကြောင်း နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။နောင်အခင်းအကျင်းမှာ အစိုးရပြောင်းမယ်။လွှတ်တော် ပြောင်းမယ်။ ပြီးရင် နောင်တက်လာမယ့် အစိုးရကသာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားအားလုံး ပါဝင်လာနိုင်အောင် ပါဝင်လာနိုင်မယ့် အခင်းအကျင်းကို သူတို့ လုပ်ပေးနိုင်တယ်ဆိုရင် သူတို့ဖိတ်ခေါ်မယ် သဘောအားဖြင့်ပေါ့။ သူတို့ လာလို့ရအောင် အခင်းအကျင်းတွေ ဖန်တီးပေးမယ် ဆိုရင်ဖြင့် အားလုံးပါဝင်လာတဲ့ အချိန်မှာ အဲဒီအချိန်ကျရင် မူဘောင်မှာ ပါဝင်တဲ့ ပြန်လည်ပြင်ဆင်နိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ပေါ်မှာ ကျွန်တော်တို့ ပြန်လည်ညှိနှိုင်းပြီးတော့ အဲဒီအချိန်မှာ သုံးပွင့်လည်း ဖြစ်ရင်ဖြစ်သွားမယ်။ လက်ရှိ ငါးပွင့်ဆိုင်လည်း ဖြစ်ရင်ဖြစ်နေမယ်။ ဒါကတော့ အားလုံးပါဝင်လာတဲ့ အချိန်မှာ ဆွေးနွေးပြီးတော့ ထွက်လာမယ့် အဖြေပေါ့။ အဲဒီအဖြေနဲ့ ဆက်ပြီးသွားရမယ်လို့ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်” ဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သုံးနှစ်မှ ငါးနှစ်အတွင်း ပြီးစီးအောင် ကျင်းပရန်နှင့် ဒုတိယအကြိမ် ညီလာခံကို ဆောလျင်စွာ ခေါ်ယူကျင်းပရန် ညီလာခံ ကိုယ်စားလှယ်များက သဘောတူ အတူပြုထားသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာခြင်းမျိုး ခိုင်မာစေရန်နှင့် NCA လက်မှတ် မထိုးသေးသည့် အဖွဲ့များအားလုံး ပါဝင်လာနိုင်ရေး ကြိုးပမ်းရန်လိုဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တာဝန်ရှိသူများ ပြောကြား















