ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပါတီများမှ စွက်ဖက်ခြင်းကင်းစေရန် ရွေးကောက်ပွဲ၌ ပါတီကိစ္စ ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ လုံးဝရွေးချယ်ခွင့် မပြုရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ညွှန်ကြား

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပါတီများမှ စွက်ဖက်ခြင်းကင်းစေရန် ရွေးကောက်ပွဲ၌ ပါတီကိစ္စ ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ လုံးဝရွေးချယ်ခွင့် မပြုရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ညွှန်ကြား
Published 17 January 2016
အောင်ကျော်မျိုး (ဟင်္သာတ)

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ပါတီများမှ စွက်ဖက်ခြင်း ကင်းစေရန် ရွေးကောက်ပွဲတွင် ပါတီကိစ္စ ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ လုံးဝရွေးချယ်ခွင့် မပြုရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က ညွှန်ကြားထားကြောင်း သတင်းရရှိသည်။ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၉ အရ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်၌ လက်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်၍ ဇန်နဝါရီလကုန် မတိုင်မီအပြီး ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် တာဝန်ပေးအပ်သွားကြရန်နှင့် ဥပဒေနှင့်အညီ ရွေးချယ်တာဝန် ပေးအပ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အကြောင်းကြားလာမှုအပေါ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ထိုသို့ မှတ်ချက်ပြု၍ စာထုတ်ပြန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။ယင်းညွှန်ကြားချက်အား ဝန်ကြီးချုပ်၏ မဲဆန္ဒနယ် အင်္ဂပူမြို့နယ်၌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် ထပ်ဆင့်ညွှန်ကြားမှု ရှိနေပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း ဖွဲ့စည်း တာဝန်ပေးအပ်ထားသော ကြီးကြပ်ရေး အဖွဲ့များအား ဝန်ကြီးချုပ်၏ သဘောထား မှတ်ချက်အား သိရှိ ဆောင်ရွက်သွားရန် အသိပေးထားသည်ကို တွေ့ရသည်။ညွှန်ကြားစာတွင် ထိုသို့ ဖော်ပြထားသော်လည်း “ပါတီကိစ္စများ၌ ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ကြီးကြပ်ရေးမှူး အဖွဲ့တွင် မပါဝင် စေရန်ကိုသာ ရည်ညွှန်းခြင်းဖြစ်ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆိုလိုခြင်း မဟုတ်ကြောင်း” အင်္ဂပူမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်က ဆိုသည်။“ပါတီတွေ ဝင်ရောက် မစွက်ဖက်ဖို့ ပါတီကိစ္စတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်ခဲ့တဲ့သူ မဟုတ်ရဘူးဆိုတဲ့ ဒီညွှန်ကြားစာက အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကို ရည်ညွှန်းတာ။ ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ရေးကို ရည်ညွှန်းတာ မဟုတ်ဘူး။ ဒီစာ ရောက်တဲ့အချိန်မှာ ကြီးကြပ်ရေးမှူးတွေက ရွေးပြီးနေပြီ။ သင်တန်းတွေတောင် တက်ပြီးပြီ” ဟု အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ် (၁)ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့မှ ဦးခင်မောင်ဝင်းက ပြောကြားသည်။Institute For Peace and Social Justice မှ တရားလွှတ်တော်ရှေ့နေ U KO HTUT -LAW FIRM က “ဝန်ကြီးချုပ်ရဲ့ ဒီညွှန်ကြားချက်က ဥပဒေနဲ့ မညီဘူး။ ညွှန်ကြားချက်ဆိုတာ ဥပဒေကို လွှမ်းမိုးလို့ မရဘူး။ လူတိုင်း ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ရပ်မိရပ်ဖတွေ အနေနဲ့ ဒီညွှန်ကြားစာကို ခေါင်းထဲမထားဘဲ ဥပဒေအညီပဲ ရွေးချယ်ခွင့် ရှိပါတယ်” ဟု သုံးသပ် ပြောကြားသည်။

Most Read

Most Recent