နေပြည်တော်ကောင်စီ တည်ဆောက်ရေး လုပ်ငန်းများသည် လိုအပ်သည်ထက် များစွာပိုလွန်နေပြီဖြစ်ကာ နိုင်ငံတစ်ဝန်းလုံးထက် သာလွန်သည့် ဆောင်ရွက်ချက်များသည် မျှတမှု ရှိမရှိ သုံးသပ်သင့်ကြောင်းနှင့် ပမာဏ ကြီးမားသည့် တည်ဆောက်ရေး လုပ်ငန်းများတွင် လက်တွေ့ အကျိုးဖြစ်ထွန်းမှုထက် ကိုယ်ကျိုး အလွဲသုံးစား မပြုရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ အမျိုးသား စီမံကိန်း ဥပဒေကြမ်းအား မူနှင့်အခြေခံသဘော ဆွေးနွေးစဉ် ထိုသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ဒေါက်တာ မြတ်ဉာဏစိုးက နေပြည်တော်ကောင်စီ တည်ဆောက်ရေး လုပ်ငန်းများသည် လိုအပ်သည်ထက် များစွာပိုလွန်နေပြီ ဖြစ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ် ရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးထက် ပိုသာသည့် ဆောင်ရွက်မှုများသည် မျှတမှု ရှိမရှိ သုံးသပ်ရန် လိုအပ်ကြောင်း ဆွေးနွေးသည်။ထို့ပြင် ထုထည်နှင့်လုပ်ငန်း ပမာဏ ကြီးမားသည့် စီမံကိန်းကြီးများကို သေသေချာချာ Feasibility Study လုပ်သင့်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် မျှော်မှန်းဆောင်ရွက်သည် ဆိုသော်လည်း လက်တွေ့ကျ တွက်ခြေကိုက်ရန် လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်း ပမာဏ၊ ဘတ်ဂျက် ပမာဏ ကြီးမားမှုအပေါ် ကိုယ်ကျိုးရှာ မသမာသည့် အဂတိ တရားများကင်းရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများတွင် လက်တွေ့ အကျိုးဖြစ်ထွန်းမှုထက် ကိုယ်ကျိုး အလွဲသုံးစား မပြုရန် လိုအပ်ကြောင်း ဆက်လက် ဆွေးနွေးသည်။“စီမံကိန်း လုပ်ငန်းပမာဏ၊ ဘတ်ဂျက် ပမာဏ ကြီးမားမှုအပေါ်မှာ ကိုယ်ကျိုးရှာမှုတွေ ရှိနေပါတယ်။ အဂတိတရားတွေ ကင်းစင်ဖို့ လိုပါတယ်။ စီမံကိန်း ပမာဏကြီးတာနဲ့အမျှ အဲဒီအပေါ်မှာ အကျိုးဆက်တွေ ရှိပါတယ်။ ကိုယ်ကျိုးရှာမှုတွေ ပိုများနေတယ်ဆိုတာ လက်တွေ့ပါပဲ။ ဒါကြောင့်မို့ တည်ဆောက်ရေး လုပ်ငန်းတွေကို တွန်းလုပ်နေတာပါ။ ဥပမာ ပြောရရင်တော့ ရန်ကုန်မြို့ပေါ်က ခုံးကျော်တံတားတွေကို ကြည့်ပါ။ ဖွင့်လှစ်ပြီးတဲ့ တံတားသုံးစင်းစလုံးလည်း အဆင်မပြေပါဘူး။ ယာဉ်ကြောတွေ ပိတ်ဆို့နေတာလည်း ဒီအတိုင်းပါပဲ။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို ပြန်လည် စဉ်းစားသင့်နေပါပြီ” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။ဆက်လက်၍ “အခုဆိုရင် ဝန်ကြီးဌာနတွေက အပြိုင်အဆိုင် ဘတ်ဂျက် ရှာနေကြတယ်။ အပြိုင်အဆိုင် ရှာတယ်ဆိုတဲ့ နောက်ကွယ်မှာလည်း အများကြီး ရှိတယ်။ ဘတ်ဂျက် လျာထားချက်တွေရဲ့ နောက်မှာပေါ့။ ဒဲ့ပြောရရင် အဂတိ လိုက်စားမှုတွေ ရှိနေတယ်။ အဲဒါတွေ မကင်းတဲ့အတွက် အပြိုင်အဆိုင် လုပ်နေကြတယ်။ အဲဒီခေတ် မဟုတ်တော့ပါဘူး။ တိုင်းပြည်က အခွန်နဲ့ တည်ဆောက်ရမယ့် ခေတ်ဖြစ်ရမှာ။ ဒါကြောင့် ပြည်တွင်း အခွန်ကို ပြန်သုံးသပ်ရမယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာန တစ်ခုတည်းကပဲ အခွန်ကို ကောက်သင့်တယ်။ ဝန်ကြီးဌာနတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ အခွန်ကောက်နေကြတယ်။ ဝင်ငွေနဲ့ သုံးငွေနဲ့ကို ဘဏ္ဍာရေး ဝန်ကြီးဌာနကပဲ ချိန်ဆပေးရမှာ။ အဲဒီလို ဖြစ်သင့်တယ်။ ဥပမာပြောရရင် သတ္တုတွင်းဆိုရင် မြေပေါ်ကို မရောက်သေးဘူး တွင်းဝခွန်ဆိုပြီး စကောက်နေပြီ။ သူလည်းတစ်ပြားမှ စိုက်ရတာ မဟုတ်ဘူး။ အရင်းမရှိဘဲ အမြတ်ရနေတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကလည်း နေပြည်တော်ကောင်စီ၏ စီမံကိန်း လုပ်ငန်းများအား ပြန်လည် စိစစ်သင့်ကြောင်း ဆွေးနွေးသည်။
နေပြည်တော်ကောင်စီ တည်ဆောက်ရေး လုပ်ငန်းများသည် လိုအပ်သည်ထက် များစွာပိုလွန်နေသည်ဖြစ်ကာ နိုင်ငံတစ်ဝန်းလုံးထက် သာလွန်သည့် ဆောင်ရွက်ချက်များသည် မျှတမှု ရှိမရှိ သုံးသပ်သင့်ဟု NLD လွှတ်တော် ကိုယ်စားလှယ် ပြောကြား















