ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ စသည့်အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများကို စုစည်းထားသည့် ဆုံးဖြတ်ချက်မပါသော အနှစ်ချုပ် အစီရင်ခံစာအား ဇန်နဝါရီ ၁၅ ရက်က နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲ၌ အတည်ပြုခဲ့သည်။
နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲ ညနေပိုင်း အစီအစဉ်တွင် ညီလာခံတာဝန်ရှိသူ တစ်ဦးက အစုအဖွဲ့ အသီးသီး၏ ဆွေးနွေးမှုများကို စုစည်းထားသည့် စာတမ်းအား ဖတ်ကြားရာ ယင်းသို့ဖတ်ကြားသည့် စာတမ်းပါ အချက်များကို ညီလာခံ တက်ရောက်လာသူ အားလုံးက ကန့်ကွက်ခြင်းမရှိဘဲ အတည်ပြုခဲ့ပြီး ယင်းစာတမ်းအား နောင်လာမည့် ညီလာခံသို့ ဆက်လက် သယ်ဆောင် သွားမည်ဖြစ်ကြောင်း နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲ သဘာပတိက ပြောကြားသည်။
နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပါဝင်သည့် အစုအဖွဲ့အသီးသီး၏ ဆွေးနွေးအကြံပြုချက်တွင် ဒီမိုကရေစီ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး မဏ္ဍိုင်သုံးရပ်အကြား အာဏာပိုင်းခြား သုံးစွဲရေးနှင့် အပြန်အလှန် ထိန်းကျောင်းမှုရှိရန် အစုအဖွဲ့အားလုံးမှ အကြံပြု ဆွေးနွေးခဲ့ကြောင်း၊ အစိုးရ အစုအဖွဲ့မှ အပြည့်အ၀ ပိုင်းခြားရန် မဖြစ်နိုင်သဖြင့် တက်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်ဟူသော စကားရပ်ကို သုံးသင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့သည်။
နိုင်ငံရေးပါတီစုံ စနစ်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတွင် အားလုံးမှ ပါတီစုံစနစ်ကို ကျင့်သုံးသွားကြရန် အကြံပြုခဲ့ပြီး ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ ပြည်ထောင်စု တစ်ဝန်းရှိ လူဦးရေနည်းပါးသည့် တိုင်းရင်းသား လူမျိုးစုငယ်များ အနေဖြင့် ပိုမိုထိရောက်စွာ ကိုယ်စားပြု ပါဝင်လာနိုင်စေရန် PR (အချိုးကျ ကိုယ်စားပြု) စနစ် ကျင့်သုံးသင့်မသင့် စဉ်းစားကြရန် အစိုးရ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် အချို့တို့မှ အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
အခြေခံရပိုင်ခွင့်များနှင့် ပတ်သက်ပြီး နိုင်ငံသား အားလုံးသည် တူညီသော အခြေခံရပိုင်ခွင့် တူညီသော လွတ်လပ်ခွင့် တရားဥပဒေ အောက်တွင် တူညီသော အကာအကွယ် ရရှိရေးရရှိရန်နှင့် အမျိုးသမီး တိုင်းရင်းသားလူမျိုး ငယ်များတို့အား တူညီသော အကာအကွယ်များရရှိရန် အစုအဖွဲ့အားလုံးမှ အကြံပြုခဲ့ကြသည်။
ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့နှင့် ပတ်သက်ပြီး ပြည်ထောင်စု တစ်ဝန်းလုံး တရားဥပဒေ စိုးမိုးမှုရှိရန် ထိရောက်သော ဥပဒေများကို ပြဋ္ဌာန်း၍ တိကျစွာ အကောင်အထည်ဖော် ကျင့်သုံးသွားရန် အစုအဖွဲ့အားလုံးမှ အကြံပြုကြကြောင်း၊ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှုတို့နှင့် ပတ်သက်ပြီး ဆွေးနွေးသည့် အစုအဖွဲ့အားလုံးမှ ပြည်ထောင်စုနှင့် ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်မှုများသည် ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိရန် အကြံပြု ဆွေးနွေးခဲ့ပြီး သတင်းစီးဆင်းမှု အပိုင်းတွင်လည်း အချိန်နှင့် တစ်ပြေးညီ ရယူနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။
ဘာသာရေးနှင့် နိုင်ငံရေးအား ရောယှက်မှု မရှိစေဘဲ ဘာသာရေးကို အခြေမခံသော နိုင်ငံတော်ကို ထူထောင်သွားရန် အစုအဖွဲ့များမှ အကြံပြု ဆွေးနွေးခဲ့ကြသည်။
ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရာတွင် အခြေခံရမည့်မူများနှင့် ပတ်သက်၍ အစုအဖွဲ့အားလုံးမှ တိုင်းရင်းသား အားလုံးအကြား တန်းတူညီမျှမှု တရားမျှတမှုရှိသော ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်သွားရန်၊ နိုင်ငံတော်၏ မည်သည့် အစိတ်အပိုင်းမျှ ခွဲထွက်ခြင်းမပြုရန်၊ တိုင်းရင်းသား လူမျိုးများအကြား နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများတွင် တန်းတူအခွင့်အရေးများရှိရန်၊ တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးများကို ဥပဒေဖြင့် အကာအကွယ်ပေးရန်၊ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ရာတွင် မည်သည့်နိုင်ငံ၏ ပုံစံများကိုမျှ ပုံတူကူးယူခြင်း မပြုဘဲ မိမိတို့နှင့် ကိုက်ညီမည့် ဖက်ဒရယ်စနစ်ကို ထူထောင်ရန် ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ်အချို့တို့မှ ဒို့တာဝန် အရေးသုံးပါးဖြစ်သော နိုင်ငံတော် မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်သွားကြရန် ဆွေးနွေး အကြံပြုခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ဖက်ဒရယ် ပြည်ထောင်စု၏ အချုပ်အခြာ အာဏာသည် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးမှ ဆင်းသက်လာစေရမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုရှိ မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရ မည်သည့်လူမျိုးကိုမျှ အခွင့်အရေး ချုပ်ချယ်ကန့်သတ်ခြင်း မရှိစေရဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။
တပ်မတော် အစုအဖွဲ့နှင့် လွှတ်တော် အစုအဖွဲ့မှ ကိုယ်စားလှယ် အချို့တို့က အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတွင် တပ်မတော် တစ်ရပ်သာ ထားရှိသင့်သည်ဟု ဆွေးနွေး အကြံပြုခဲ့သည်။
အစုအဖွဲ့အားလုံးမှ အာဏာခွဲဝေရေး၊ ပူးတွဲအာဏာ သတ်မှတ်ရေးနှင့် ကြင်းကျန် အာဏာများကို ပြည်နယ်များသို့ ခွဲဝေပေးရေး ကိစ္စရပ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စနစ်တကျ ရှင်းလင်းစွာ ပြဋ္ဌာန်းသတ်မှတ် ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယားများအား လိုအပ်သလို ပြင်ဆင်နိုင်ရေး၊ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့နှင့် ပတ်သက်ပြီး တပ်မတော် အစုအဖွဲ့မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြေခံသော ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန် အကြံပြုဆွေးနွေးခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် အချို့တို့မှ တိုင်းရင်းသား လူမျိုးစုများ နေထိုင်သည့် ဒေသနှင့် ပတ်သက်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ မူဝါဒများကို မိမိတို့ နှစ်သက်သဘောကျ လွတ်လပ်စွာ ချမှတ်နိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်စနစ်ကို ထူထောင်ရန် အကြံပြုဆွေးနွေး ခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ အစုအဖွဲ့ အသီးသီး၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများကို စုစည်းထားသည့် ဆုံးဖြတ်ချက်မပါသော အနှစ်ချုပ် အစီရင်ခံစာအား ညီလာခံ နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲတွင် အတည်ပြု















