၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၂၃ ဦး ဆွေးနွေး

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၂၃ ဦး ဆွေးနွေး
Published 15 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ဇန်နဝါရီ ၁၅ ရက်က ကိုယ်စားလှယ် ၂၃ ဦးက ဆွေးနွေးသည်။
“ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းများကို ဆက်လက် တာဝန်ယူရတဲ့အခါမှာ ပြန်လည်ပြီးတော့ တိုးတက်လာအောင် ကျွန်တော်တို့ လွှတ်တော် အနေနဲ့လည်းပဲ ငါးနှစ်တာ ကာလအတွင်းမှာ  ဖြတ်တောက် လျှော့ချခြင်း အနည်းပါးဆုံးနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ သို့သော်လည်းပဲ လုပ်ငန်းအများစုဟာ အကောင်အထည် ဖော်ရာမှာ အခက်အခဲ အမျိုးမျိုးကြောင့် အချိန်ကာလကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများ ဆွေးနွေးခဲ့ကြသလို ဆုံးရှုံးမှုများနဲ့သာ ကိန်းဂဏန်းများက ဖော်ပြနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တက်မယ့် အစိုးရသစ် အနေနဲ့လည်းပဲ ၎င်းတို့လက်ထက်မှာ တင်ပြထားတဲ့ စီမံကိန်းများနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်သွားမှာလို့ ယူဆပါတယ်။ အခြေခံ ဥပဒေအရလည်းပဲ တင်ပြထားတဲ့ စီမံကိန်းများဟာ ဥပဒေသာ ဖြစ်တဲ့အတွက် ဒါတွေကို အသစ်ရေးဆွဲခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ပေါ့ ခြင်းများ ပြုလုပ်နိုင်တဲ့အတွက် မိမိတို့ပါလီမန်ကိုယ်စား ကော်မတီအနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားခြင်း ဖြစ်ကြောင်းလည်း တင်ပြလိုပါတယ်” ဟု စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ ဦးအေးမောက်က ထည့်သွင်းဆွေးနွေးသည်။
လွှတ်တော်အနေဖြင့် မျက်နှာလွဲခဲပစ် မဟုတ်ဘဲ အစိုးရသစ် လက်ထက်တွင် စီမံကိန်းများကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်ပေးထားကြောင်း ဦးအေးမောက်က ဆက်လက်ပြောကြားသည်။
စီမံကိန်းများနှင့် ပတ်သက်၍ အဖွဲ့ ၁၉ ဖွဲ့မှစိစစ်၍ ချေးငွေမှ ၄၁၆ ဒသမ ၀၀၉ ဘီလျံ၊ ထောက်ပံ့ငွေမှ ၁၉ ဒသမ ၀၉ ဘီလျံ၊ ဘတ်ဂျက်ရန်ပုံငွေမှ ၁၇၄ ဒသမ ၄၃၅ ဘီလျံ၊ သာမန်အသုံးစရိတ်မှ ၆ ဒသမ ၆၂၉ ဘီလျံ၊ ကြွေးမြီအသုံးစရိတ်မှ ၁၂ ဒသမ ၈၄၁ ဘီလျံ၊ စုစုပေါင်း ၆၂၉ ဘီလျံကို စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ စိစစ်ဖြတ်တောက် ရွှေ့ဆိုင်းထားကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးအနေဖြင့် စီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်၍ မူနှင့် အခြေခံ သဘောတရားများကို ဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည် ရှင်းလင်းခြင်းနှင့် ဥပဒေကြမ်း အတည်ပြုခြင်းကို ဇန်နဝါရီ ၁၈ ရက်တွင် ဆောင်ရွက်ရန် လျာထားကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
 

Most Read

Most Recent