ထန်းတပင်မြို့နယ် အနော်ရထာလမ်းဘေးရှိ ရေမြောင်းအတွင်း အမျိုးသမီးအလောင်း တွေ့ရှိခဲ့သည့် ဖြစ်စဉ်အား လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲ စစ်ဆေးနေပြီဖြစ်ကြောင်း သက်ဆိုင်ရာ တက်သစ် နယ်မြေ ရဲစခန်းက ဇန်နဝါရီ ၁၄ ရက်တွင် သိရသည်။
ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီ မိနစ် ၄၀ တွင် ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီး ကျေးရွာ အုပ်စု၊ ရခိုင်ရိုးလေးကျေးရွာ အနော်ရထာ လမ်းမကြီးဘေးရှိ ရေမြောင်းအတွင်းတွင် အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သိရသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ ယင်းလမ်းမကြီးနှင့် ပေ ၁၅၀ ခန့်အကွာရှိ လယ်ကွက်ထဲရှိ ရေမြောင်းအတွင်းတွင် အသက် ၂၀ အရွယ် အမျိုးသမီး အလောင်းကို တွေ့ခဲ့ရကြောင်း သိရသည်။
အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ ပုပ်ပွနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တက်သစ်နယ်မြေ ရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ကာ ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အလောင်းအား ရင်ခွဲစစ်ဆေးရာ ဦးခေါင်းခွံရိုးကျိုး၍ ဦးနှောက်မြှေးအောက် သွေးယိုစီးသောကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု သိရသဖြင့် ကျူးလွန်သူအား စုံစမ်းရာ လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်နေ ရှိုင်းဝေအောင်(ခ)သန်းတိုးအောင် (၂၀)နှစ်ဖြစ်ကြောင်း၊ ဇန်နဝါ ရီ ၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကော်ပိုက်လုံးဖြင့် ရိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးသွားတဲ့ကောင်မလေးနဲ့ ပိုက်လုံး နဲ့ ရိုက်လိုက်တဲ့ ကောင်လေးက သမီးရည်းစားတွေပါ။ ဘယ်လိုဘာကိစ္စကြောင့် အဲဒီလို ရိုက်လိုက်တယ် ဆိုတာကတော့ စစ်ဆေးနေ တုန်းပဲရှိပါသေးတယ်”ဟု တက်သစ်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်ကို တက်သစ်နယ်မြေ ရဲ စခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေရာမှ လက်ရှိတွင် ပုဒ်မ ၃၀၂ သို့ပြောင်းလဲအမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ် လမ်းနံဘေး ရေမြောင်းအတွင်း အမျိုးသမီးအလောင်း တွေ့ရှိခဲ့သည့်ဖြစ်စဉ်ကို လူသတ်မှု ပုဒ်မဖြင့် ပြောင်းလဲစစ်ဆေး