လာဘ်ပေးလာဘ်ယူမှု၊ ဆေးခြောက်ရောင်းဝယ်မှုတို့နှင့် ဆက်စပ်၍ ဟင်္သာတမြို့၌ ရဲတပ်ဖွဲ့တွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် စွပ်စွဲခံရသူများ၏ မကျူးလွန်ကြောင်း ထွက်ဆိုချက်ကိုသာ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ရယူခဲ့ကြောင်း သတင်းရသည်။
Facebook စာမျက်နှာ၌ ရေးသားထားမှုကိုသာ အခြေခံကာ စစ်ဆေးခြင်းဖြစ်ပြီး မည်သူရေးသားသည်ကို မသိရှိကြောင်းနှင့် စုံစမ်းစစ်ဆေးရန် သက်သေ အထောက်အထား အားနည်းသဖြင့် စွပ်စွဲခံရသူများကိုသာ စစ်ဆေးပြီး ပြန်လည် တင်ပြခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။
“ဟင်္သာတအမှတ် (၁) ရဲစခန်းမှူးက ဆက်ဆံရေး မပြေပြစ်တာ တစ်ချက်၊ နောက်ပြီးတော့ ဒုစခန်းမှူးက ခိုးမှုတွေနဲ့ပတ်သက်ပြီး တော့ ဟင်္သာတမြို့၊ ဒေါ်ထားမေ စက်ဝန်းထဲက လင်မယားနှစ်ယောက်နဲ့ပူးပေါင်းပြီး ဘာဆောင်ရွက်တယ်၊ ညာဆောင်ရွက်တယ်၊ ဆေးခြောက်ကိစ္စတွေ ရောင်းဝယ်မှုလုပ်တယ်ပေါ့။ နောက်တစ်ချက်ကတော့ ရဲအုပ်တစ်ဦးက အမှုကိစ္စနဲ့ သစ်မှောင်ခိုကိစ္စတွေမှာ လာဘ်ပေးလာဘ်ယူမှု လုပ်တယ်ဆိုတဲ့ Facebook မှာပါတဲ့သတင်းကို အခြေခံပြီး စစ်ဆေးတာပါ”ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးကဆိုသည်။ ရဲမှူးသန်းဌေးက” စွပ်စွဲခံထားရတဲ့ ရဲအရာရှိတွေကတော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဆောင်ရွက်တယ်ပေါ့။ ဒေါ်ထားမေ စက်ဝင်းထဲက လင်မယားနှစ်ယောက်ကလည်း ခိုးမှုတွေ ဖော်ထုတ်တဲ့နေရာ၊ ရပ်ကွက်ထဲမှာ သတင်းစုံစမ်းပြီး တင်ပြပေးတဲ့ ပုံစံမျိုးပဲ သူတို့လုပ်တယ်။ ခိုးမှုတွေ၊ ဆေးခြောက် အရောင်းအဝယ်တွေ ဆက်စပ်လုပ်ဆောင်တာမျိုး မလုပ်ဘူးလို့ ထွက်ဆိုပါတယ်။ Facebook မှာ ပါတဲ့ သတင်းရေးသားချက်ကို ပဲ စုံစမ်းစစ်ဆေးရတာဆိုတော့ စစ်ဆေးရမယ့် သက်သေ အထောက်အထား ခိုင်လုံမှု အားနည်းပါတယ်ဗျ။ ဟုတ်၊ မဟုတ်ကိုပဲ ကာယကံရှင်တွေကို စစ်ဆေးမေးမြန်းပြီး ပြန်လည်တင်ပြတဲ့ အခြေအနေပဲရှိပါတယ်”ဟု ပြောကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ စမ်း စစ်ဆေးထားမှုကို ခရိုင်သို့ တင်ပြထား ဆဲဖြစ်ပြီး မည်ကဲ့သို့ ပြန်လည် ညွှန်ကြားမည်ကို မသိရသေးကြောင်း ရဲမှူးသန်းဌေးက ဆက်လက် ပြောကြားသည်။
“လောင်းကစားမှုတွေအပြင် မူးယစ်ဆေး ကိစ္စတွေပါ သတင်းထွက်ပေါ်မှုရှိလာတဲ့ ဟင်္သာတမှာ ရဲတပ်ဖွဲ့တွင်း ဒီလိုစုံစမ်းစစ်ဆေးမှု ရှိလာလို့ ကျွန်တော်တို့ကြိုဆိုတယ်။ ဒါပေမဲ့ အဖြစ်သဘောအနေနဲ့ ဆောင်ရွက်တဲ့သဘောကြီး ဖြစ်နေတယ်။ ဟင်္သာတမှာ ရဲတပ်ဖွဲ့ အဆင့်ဆင့်ရဲ့ အဂတိလိုက်စားမှုက နယ်ပယ်အနှံ့မှာ ရှိနေတဲ့အတွက် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပေးစေချင်တယ်။ တပ်ဖွဲ့တွင်းအချင်းချင်း စစ်ဆေးတာမျိုးထက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပါ လုပ်သင့်ပါတယ်။ အထူးသဖြင့် ပွင့်လင်းမြင်သာမှုရှိဖို့ သတင်းထုတ်ပြန်ဖို့ လိုအပ်ပါတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းလှိုင်ကမူ တပ်ဖွဲ့တွင်း စစ်ဆေးချက် ဖြစ်သည့်အတွက် ထုတ်ပြန်ပြောကြားမည် မဟုတ်ကြောင်း The Daily Elevenသို့ ဖြေကြားသည်။
လာဘ်ပေးလာဘ်ယူမှု၊ ဆေးခြောက် ရောင်းဝယ်မှုတို့နှင့်ဆက်စပ်၍ ဟင်္သာတမြို့၌ ရဲတပ်ဖွဲ့တွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် စွပ်စွဲခံရသူများ၏ မကျူးလွန်ကြောင်း ထွက်ဆိုချက်ကိုသာ စုံစမ်း စစ်ဆေးရေးအဖွဲ့မှ ရယူခဲ့ကြောင်းသိရ