လှိုင်သာယာမြို့နယ် FMI City အိမ်ရာ၌ အိမ်အကူမိန်းကလေးအား ဓားထောက်ခြိမ်းခြောက် သားမယားပြုကျင့်ကာ မီးခံသေတ္တာထဲမှ သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရတနာပစ္စည်းများ အပါအဝင် ဒေါ်လာများ ယူဆောင်သွားသည့် ကျူးလွန်သူကို ယနေ့(ဇန်နဝါရီ ၁၄ရက်) နံနက် ၁ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါကျူးလွန်သူမှာ လှိုင်သာယာမြို့နယ်နေ သက်ယုဇော် (၃၀)နှစ်ဆိုသူဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့တွင် သက်သေခံပစ္စည်းများနှင့်အတူ ရဲတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် (၄)ရပ်ကွက် FMI City အိမ်ရာ ယမင်းရွှေဝါလမ်းရှိ အမှတ် O/173 နေ ဒေါက်တာ ဒေါ်.... (၅၇)နှစ်သည် ရွှေဘုံသာလမ်းတွင် ဖွင့်လှစ်ထားသည့် သဇင်ဆေးခန်း၌ ရှိနေစဉ် ၎င်း၏ အသက် ၉၂ နှစ်အရွယ် အမေဖြစ်သူနှင့် အိမ်အကူဖြစ်သည့် မ....... (၂၀) နှစ်တို့မှာ နေအိမ်တွင် ရှိနေခဲ့ကြောင်း၊ ထိုအချိန်တွင် အသက် ၂၇ အရွယ်ခန့်ရှိသည့် အမျိုးသားတစ်ဦး အိမ်ထဲသို့ ရောက်ရှိလာကာ ရေချိုးပြီး အိမ်ထဲသို့ ဝင်လာသည့် အိမ်အကူဖြစ်သူ မ.....အား ဓားဖြင့်ထောက်ကာ ရတနာပစ္စည်း ထားသည့်နေရာအား မေးမြန်းခဲပြီး မီးခံသေတ္တာထဲမှ စုစုပေါင်း ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရတနာပစ္စည်း ၂၃ မျိုးအပြင် အမေရိကန် ဒေါ်လာ ၆၀၀၀ နှင့် ငွေစက္ကူများ ယူဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ရတနာပစ္စည်းများ ယူဆောင်ပြီးနောက် အိမ်အကူဖြစ်သူ မ....ကို အိပ်ခန်း တစ်ခန်းထဲသို့ ခေါ်ဆောင်၍ သားမယားတစ်ကြိမ် ပြုကျင့်ကာ ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၆၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆/၃၈၆ ဖြင့် အမှုဖွင့်ကာ နာရီပေါင်း ၂၇ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။