ရန်ကုန်မြို့ အလုံမြို့နယ်အတွင်း ရွှေတုံးအတု လိမ်လည်ရောင်းချမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် တရုတ်နိုင်ငံသား သုံးဦးကို ဇန်နဝါရီ ၁၃ ရက်တွင် အလုံမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့သည်။ယင်းနေ့တွင် တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် YANG HUIPING ၄၄ နှစ်က ၎င်းတို့ ယူဆောင်လာသော ပစ္စည်းများမှာ လက်ဆောင်ဖန်စီ အလှပစ္စည်းများသာဖြစ်ပြီး ရွှေထည်ပစ္စည်းဟူ၍ လိမ်လည်ရောင်းချခဲ့ခြင်း မရှိကြောင်း ထွက်ဆိုခဲ့ကာ ထိုသို့ ထွက်ဆိုမှုကို ပြီးခဲ့သည့် ရုံးချိန်းက တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် YANGQUANFA ၅၉ နှစ်ကလည်း ထွက်ဆိုထားသည်။ထို့အပြင် YANG HUIPING က ၎င်းတို့မှာ မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်၍ ဈေးကွက်လေ့လာရန် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဦးမြင့်လွင်ကို ရွှေထည်ပစ္စည်းများ ပြသ၍ ယုံကြည်အောင် လိမ်လည်ပြောဆို ရောင်းချခဲ့ခြင်း မဟုတ်ကြောင်း တရားရုံးသို့ ထွက်ဆိုသည်။ထို့နောက် YANG HUIPING က ၎င်းမှာ လယ်သမားတစ်ဦးသာဖြစ်ပြီး ၎င်းနှင့် YANG QUANFA တို့ ယူဆောင်လာသည့် ဖန်စီပစ္စည်းများ အကြောင်းကို တရားစွဲခံထားရသူ တစ်ဦးဖြစ်သည့် ZHUHAIYUA မှာ မသိရှိကြောင်း ထွက်ဆိုခဲ့သည်။ယင်းနောက် YANG HUIPING ကို စစ်ဆေးမေးမြန်းနေသည်မှာ မပြီးပြတ်သေးသောကြောင့် ဇန်နဝါရီ ၁၈ ရက် ရုံးချိန်းတွင် ၎င်းကိုပင် ဆက်လက်စစ်ဆေး မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။“ဒီနေ့ ရုံးချိန်းက ယန်ဝှေ့ဖိန်ကို စစ်ဆေးခဲ့တာပါ။ စစ်ဆေးနေတဲ့ အချိန်မှာ စကားပြန် ကောင်မလေးရဲ့ ကျန်းမာရေး အခြေအနေ မကောင်းတဲ့အတွက် ရုံးချိန်းကို ၁၈ ရက်ကို ပြန်ချိန်းပေးပြီးတော့ အဲဒီနေ့မှာ သူနဲ့ ကျန်တဲ့ တစ်ယောက်ကို ဆက်ပြီးတော့ စစ်ဆေးသွားမှာပါ။ သူတို့တွေက ဖန်စီပစ္စည်းတွေကို ယူလာတယ်။ ရောင်းတယ်။ လိမ်လည်ခဲ့တာ မရှိဘူးလို့ ပြောထားတယ်။ အမှုကို စစ်ဆေးပြီးလို့ လိမ်တယ် မလိမ်ဘူး ဆုံးဖြတ်ရမှာကတော့ တရားသူကြီးကပဲ ဆုံးဖြတ်သွားမှာပါ” ဟု တရားစွဲ ခံထားရသော တရုတ်နိုင်ငံသား သုံးဦး၏ ရှေ့နေ ဦးမြင့်စိုးက ပြောကြားခဲ့သည်။အဆိုပါ တရုတ်နိုင်ငံသား သုံးဦးဖြစ်သည့် YANG QUANFA ၅၉ နှစ်၊ YANG HUIPING ၄၄ နှစ်နှင့် ZHUHAIYUA ၄၃ နှစ်တို့ကို ပုဒ်မ ၄၂၀ (လိမ်လည်မှု)၊ ဗီဇာစည်းကမ်း ချိုးဖောက်မှုဖြင့် လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့်ပါ စွဲချက်တင်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက် ရုံးချိန်းတွင် အလုံမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အလုံမြို့နယ် ဆင်မင်းဈေးရှေ့တွင် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် YANGQUANFA ၅၉ နှစ်၊ နိုင်ငံကူးလက်မှတ် အမှတ် E-18376 810 နှင့် YANGHUIPING ၄၄ နှစ်၊ နိုင်ငံကူးလက်မှတ် အမှတ် E-3460 942 ကိုင်ဆောင်သူတို့ကို အမေရိကန်ဒေါ်လာ တစ်သိန်းခန့် (မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိဘဲ အလုံမြို့နယ် အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရာမှ ရွှေအတုများ လိမ်လည်ရောင်းချနေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး တစ်ဆင့်ကျန် တရုတ်နိုင်ငံသား တစ်ဦးဖြစ်သည့် ZHUHAIYUA ၄၃ နှစ် နိုင်ငံကူးလက်မှတ် အမှတ် E-37117470 ကိုင်ဆောင်သူကို ကြည့်မြင်တိုင်မြို့နယ်ရှိ တည်းခိုခန်း တစ်ခုမှ ဖမ်းဆီးရမိခဲ့ကာ ယခုကဲ့သို့ တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရွှေတုံးအတုများ လိမ်လည်ရောင်းချမှုဖြင့် တရားစွဲခံထားရသည့် တရုတ်နိုင်ငံသား သုံးဦးအနက် နှစ်ဦးက ၎င်းတို့ ယူဆောင်လာသော ပစ္စည်းများမှာ ဖန်စီပစ္စည်း အနေဖြင့်သာ သယ်ဆောင်လာခြင်းဖြစ်ပြီး လိမ်လည်ရောင်းချခဲ့ခြင်း မဟုတ်ကြောင်း တရားရုံး၌ ထွက်ဆို