လိမ်လည်မှုဖြင့် တရားစွဲခံထားရသော Fatherland ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား လသာမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်

လိမ်လည်မှုဖြင့် တရားစွဲခံထားရသော Fatherland ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား လသာမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်
Published 12 January 2016
မြင့်သူ

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသော  Fatherland ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ဇန်နဝါရီ ၁၂ ရက်က လသာမြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ရုံးချိန်းတွင် သုံးဦးမြောက် တရားလိုပြ သက်သေဖြစ်သော ဒေါ်သိမ့်သက်သက်ခင်အား ဦးကျော်မြင့်၏ရှေ့နေမှ အပြန်အလှန် မေးခွန်းများ ဆက်လက် စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့ တရားလိုပြသက်သေ ဒေါ်သိမ့်သက်သက်ခင်ကို ဦးကျော်မြင့်၏ရှေ့နေဘက်မှ အပြန်အလှန်မေးခွန်းများ စစ်ဆေးမေးမြန်းနေသည်မှာ ရုံးချိန်း သုံးချိန်းရှိပြီ ဖြစ်သော်လည်း မေးခွန်း စစ်ဆေးမေးမြန်းမှုမှာ မပြီးပြတ်သေးသဖြင့် လသာမြို့နယ်တရားသူကြီးမှ ဇန်နဝါရီ ၂၁ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။
"ဒီနေ့လည်း တရားလိုပြသက်သေ ဒေါ်သိမ့်သက်သက်ခင်ကိုပဲ  ဦးကျော်မြင့်ရဲ့ရှေ့နေဘက်က အပြန်အလှန် မေးခွန်းတွေ စစ်ဆေးမေးမြန်းခဲ့တာပါ။ မေးခွန်းစစ်ဆေး မေးမြန်းမှုက မပြီးပြတ်သေးပါဘူး။ အဲဒါကြောင့် ဇန်နဝါရီ ၂၁ ရက်ကို ရုံးချိန်း ပြန်ချိန်းထားပါတယ်။ အဲဒီနေ့မှာလည်း ဒေါ်သိမ့်သက်သက်ခင်ကိုပဲ ဦးကျော်မြင့်ရဲ့ရှေ့နေက အပြန်အလှန် မေးခွန်းတွေ ဆက်လက် စစ်ဆေး မေးမြန်းသွားမှာပါ"ဟု တရားလို၏ရှေ့နေ ဒေါ်ဆွေဆွေငြိမ်းက ဇန်နဝါရီ ၁၂ ရက် ရုံးချိန်းအပြီးတွင် ပြောကြားခဲ့သည်။
ကျောက်တံတားမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/ ၁၈၇၊ မြေအကျယ် ၁၀၀x၆၀ ပေပေါ်၌ မြေပိုင်ရှင်ဖြစ်သူ  ဦး......နှင့် Fatherland ဆောက်လုပ်ရေး ကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်ခွဲတိုက်အား နှစ်နှစ်အတွင်း ဆောက်လုပ်ပေးရန် စာချုပ် ချုပ်ဆို အပ်နှံခဲ့ကြောင်း သိရသည်။
သို့သော် မြေရှင် သဘောတူညီသည့် ပုံစံအတိုင်းမဟုတ်ဘဲ ဦးကျော်မြင့်မှ ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ် အတုများဖြင့်  စည်ပင်မှ ခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ် တိုက်မှာ ၂၀၁၂ ခုနှစ်တွင် လူနေထိုင်ခွင့်ရမည် ဖြစ်သော်လည်း လေးနှစ်ကျော် ကြာမြင့်သည်တိုင်အောင်  ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိသဖြင့် အရေးယူပေးရန်အတွက် မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း  ဖြစ်ကာ ယခုကဲ့သို့ တရား ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။                   
 
 

Most Read

Most Recent