ကလေးသူခိုးဟု စွပ်စွဲခံရပြီး နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံခဲ့ရကာ ဆေးကုသမှုမရှိဘဲ ရဲစခန်းတွင် ၂၄ နာရီကျော် ထိန်းသိမ်းခံခဲ့ရသည့် အမျိုးသမီးက ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ကလေးသူခိုးဟု စွပ်စွဲခံရပြီး နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံခဲ့ရကာ ဆေးကုသမှုမရှိဘဲ ရဲစခန်းတွင် ၂၄ နာရီကျော် ထိန်းသိမ်းခံခဲ့ရသည့် အမျိုးသမီးက ပုဒ်မသုံးခုဖြင့် အမှုဖွင့်
Published 12 January 2016
အောင်သူငြိမ်း

မကွေးမြို့နယ် မိချောင်းရဲတိုက်နယ် စိုင်ကျကျေးရွာသို့ ဇန်နဝါရီ ၅ ရက်က ရန်ကုန်တိုင်း ကျောက်မြောင်းမှ လက်ဝတ်ရတနာများ လာရောက်ရောင်းချသူ မယုယုချိုအား ကလေးသူခိုးဟု စွပ်စွဲပြီး ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာနေ လူ ၃၀ ခန့်က နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံခဲ့ရကာ ဆေးကုသပေးမှုမရှိဘဲ မိချောင်းရဲ နယ်မြေစခန်းတွင် ၂၄ နာရီကျော် ထိန်းသိမ်းခံခဲ့ရခြင်းကြောင့် ရိုက်နှက်ခံခဲ့ရ သူက ကျေးရွာအုပ်ချုပ်ရေးမှူးပါ အဖွဲ့အား ပုဒ်မသုံးခုဖြင့် အဆိုပါ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ထိုရဲစခန်းစခန်းမှူးနှင့် မကွေးမြို့နယ် ရဲစခန်း တာဝန်ရှိသူများထံမှ သတင်းရသည်။
မယုယုချိုက စိုင်ကျကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံရွှေပါအဖွဲ့အား မိချောင်းရဲနယ်မြေ ရဲစခန်း (ပ) ၅/၂၀၁၆၊ ဥပဒေပုဒ်မ ၃၅၄ လက်ရောက်မှု၊ ၃၂၅ နာကျင်စေမှု၊ ၁၁၄ ပူးပေါင်း ကြံစည်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မယုယုချိုသည် စိုင်ကျကျေးရွာ အမက ကျောင်းအုပ်ကြီးနှင့် ကျေးရွာအတွင်း နေအိမ်နှစ်အိမ်တွင် လက်ဝတ်ရတနာများ ဝင်ရောက် ရောင်းချခဲ့ကြောင်း ထိုသို့ရောင်းချအပြီး အပြန် ဆိုင်ကယ် ကယ်ရီငှားရန် ရွာလယ်လမ်းသို့ လျှောက်လာစဉ် ဒေသခံတစ်ဦးမှ ကလေးသူခိုးဟု ပြောဆိုရိုက်နှက်ကာ ခြေဖြင့်ကန်ခဲ့ကြောင်း ထို့နောက် မယုယုချိုက နေအိမ်တစ်အိမ်အတွင်း ဝင်ပြေးခဲ့ရာ ထိုအိမ်အတွင်းတွင် အုပ်ချုပ်ရေးမှူးအပါအဝင် လူအယောက် ၃၀ ခန့်က ထပ်မံ ရိုက်နှက်ခဲ့ကြကြောင်း မယုယုချိုက လက်ဝတ်ရတနာ ရောင်းချသူတစ်ဦး ဖြစ်သည်ဟု ရှင်းပြသည်ကိုလည်း မရခဲ့ကြောင်း ညနေ ၅ နာရီခန့် မိချောင်းရဲ ရဲစခန်းသို့ ရောက်ရှိချိန်တွင်လည်း ဆေးကုသပေးမှု မရှိဘဲ နောက်တစ်နေ့ ဇန်နဝါရီ ၆ ရက် ညနေပိုင်းတွင်မှ မကွေးတိုင်းဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြောင်း သူမ၏ အစ်မက ဇန်နဝါရီ ၉  ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မယုယုချို၏အစ်မထံ ဇန်နဝါရီ ၁၁ ရက် နံနက်က အမှုဖွင့်ထားသည့် အခြေအနေကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဆောင်ရွက်ရမည့် ကိစ္စများ များပြားနေသောကြောင့် မပြောကြားလိုသေးကြောင်း ဖြေကြားခဲ့သည်။
"အဲဒီအမျိုးသမီး စာသင်ကျောင်းကနေ ထွက်လာတော့ ရွာထဲကလူတွေကလည်း သင်္ကာမကင်းဖြစ်နေလို့ ကျွန်တော်က သူ့ကို ဘယ်ကလာလဲ။ ဘာကိစ္စရှိလဲဆိုတာ မေးခဲ့ပါတယ်။ သူက ဘာမှ ဖြေစရာမရှိကြောင်း ပြန်ခြေခဲ့ပြီး ဘာကြောင့်မေးတာလဲ ဆိုတာမျိုးလည်း ပြန်မေးတာ မရှိခဲ့ပါဘူး"ဟု စိုင်ကျကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံရွှေက ပြောကြားသည်။
မိချောင်းရဲနယ်မြေ ရဲစခန်း စခန်းမှူးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အခင်းဖြစ်နေ့ကပင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မယုယုချိုတို့ အပြန်အလှန် ကျေအေးရန် ညှိနှိုင်းနေခဲ့ကြကြောင်း စွပ်စွဲခံရသူတွင် ရွှေထည်ပစ္စည်းများလည်း ပါနေသောကြောင့် ကလေးသူခိုး ဟုတ် မဟုတ် အတည်ပြုရန် စစ်ဆေး အတည်ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း ယခု အမှုဖွင့်လာသည့်အတွက် ရဲလုပ်ငန်းနှင့်အညီ ဆောင်ရွက်ပေးထားကြောင်း ဆိုသည်။

Most Read

Most Recent