ကလေးငယ်များအား လူကုန်ကူး၍ မလေးရှားတွင် တောင်းရမ်းစေခိုင်းသည့် အဖွဲ့မှ နှစ်ဦး လွတ်မြောက်နေပြီး အမှုကို မစစ်ဆေးနိုင်သေး

ကလေးငယ်များအား လူကုန်ကူး၍ မလေးရှားတွင် တောင်းရမ်းစေခိုင်းသည့် အဖွဲ့မှ နှစ်ဦး လွတ်မြောက်နေပြီး အမှုကို မစစ်ဆေးနိုင်သေး
Published 11 January 2016
ရှိုင်းလင်းအောင်

ကလေးငယ်များကို လူကုန်ကူး၍ မလေးရှားနိုင်ငံတွင် တောင်းရမ်းစေခိုင်းသည့် အဖွဲ့မှ နှစ်ဦး လွတ်မြောက်နေ၍ အမှုကို မစစ်ဆေးနိုင်သေးကြောင်း ဇန်နဝါရီ ၁၁ ရက်က တောင်ပိုင်းခရိုင် တရားရုံးက စုံစမ်းသိရှိရသည်။အဆိုပါ လူကုန်းကူး အဖွဲ့မှ သုံးဦးအား ဖမ်းဆီးရမိထားပြီး ကျန်နှစ်ဦးမှာမူ မလေးရှားနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်နေသေးသဖြင့် အမှုကို စစ်ဆေး၍ မရသေးကြောင်း သိရသည်။“အမှုကို စစ်ဆေးလို့ မရသေးဘူး။ ထွက်ပြေးသွားတဲ့ နှစ်ယောက်ကို နေပြည်တော်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတွေက မလေးရှားနိုင်ငံနဲ့ ချိတ်ဆက်ပြီး သွားဖမ်းမယ်လို့ သိရတယ်။ သူတို့ကိုဖမ်းမိရင်တော့ အတည်ဖြစ်သွားပြီပေါ့။ သူတို့နှစ်ယောက်ကို ဖမ်းမိမှ အခု မိထားတဲ့ သူတွေကို ဆက်စစ်လို့ ရမှာ။ လွတ်နေတဲ့သူတွေ မမိသေးသရွေ့ ဒီအမှုကို စစ်ဆေးလို့ မရသေးဘူး” ဟု တောင်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။အဆိုပါ လူကုန်ကူး အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဖြစ်သည့် ဒေါပုံ၊ ဒလ၊ သန်လျင်နှင့် တွံတေးမြို့နယ်တို့တွင် နေထိုင်သော အသက်ရှစ်နှစ်မှ ၁၄ နှစ်ကြားရှိ မိန်းခလေးငယ်တစ်ဦး အပါအဝင် ကလေးငယ် ကိုးဦးအား မလေးရှားနိုင်ငံတွင် ဝင်ငွေကောင်းသည့် အလုပ်အကိုင် ရှာပေးမည်ဟုဆိုကာ ရန်ကုန်မှကော့သောင်းသို့ ခေါ်ဆောင်၍ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဘက်သို့ တရားမဝင် လမ်းကြောင်းမှ မလေးရှားနိုင်ငံသို့ ခိုးဝင်၍ ကွာလာလမ်ပူ မြို့လယ်ရှိ KFC ကြက်ကြော်ဆိုင် အနီးတွင် လူကုန်ကူးခဲ့သည့် ကလေးသူငယ်များအား တောင်းရမ်းခိုင်းထားကြောင်း သိရသည်။အဓမ္မတောင်းရမ်းရန် စေခိုင်းသူများသည် ကလေးသူငယ်များအား တစ်ရက်လျှင် မလေးရှားရင်းဂစ် ၁၅၀ မအပ်နိုင်ပါက ရိုက်နှက်ခံရကြောင်း သိရသည်။ယင်းသို့ တောင်းရမ်းစေခိုင်းခံရသည့် ကလေးငယ် တစ်ဦးသည် ၎င်းအား ကူညီပေးပါရန် မြန်မာနိုင်ငံသား တစ်ဦးအား အကူအညီ တောင်းခံခဲ့သည့်အတွက် ၎င်းကလေးငယ် အပါအဝင် ကလေးငယ်နှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် အဓမ္မတောင်းရမ်းရန် စေခိုင်းခံရသည့် ကလေးသူငယ်ကိုးဦးအနက် နှစ်ဦးကိုသာ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ကျန်ခုနစ်ဦးမှာမူ လူကုန်ကူးခဲ့သူများ၏ လက်ထဲမှ ကယ်ဆယ်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။ထိုသို့ ကလေးသူငယ်များအား မလေးရှားနိုင်ငံသို့ တရားမဝင် လူကုန်ကူးကာ အဓမ္မ တောင်းရမ်းခိုင်းသည့် အဖွဲ့အား လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြုလုပ် တိုင်တန်းထားသဖြင့် ဒလမြို့မ ရဲစခန်းက လူကုန်ကူးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားကြောင်းသိရပြီး မလေးရှားနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကိုမူ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေနေကြောင်း သိရသည်။          

Most Read

Most Recent