၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ခြောက်ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။တပ်မတော် အပါအဝင် တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့များ၊ ရထား ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးနိုင်ခဲ့သည့် မူးယစ်ဆေးဝါး အမှုပေါင်း ၆၄၁၄ မှုရှိကြောင်း သိရသည်။ဖမ်းဆီးရမိခဲ့သည့် အမှုများအနက် စိတ်ကြွရူးသွပ်ဆေးပြားအမှု ၂၈၁၅ မှုဖြင့် အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတို့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ၊ မြောက်ဒဂုံ၊ သာကေတနှင့် ဒဂုံအရှေ့တို့တွင် စံချိန်တင် ဖမ်းဆီးရမိမှုများ ဖြစ်ပွားခဲ့ကာ စိတ်ကြွဆေးပြား သန်း ၄၀ ခန့် စိစစ်တွေ့ရှိခဲ့သည်။အဆိုပါ စံချိန်တင် ဖမ်းဆီးရမိမှုများနှင့် ဆက်စပ်ပြီး ကျူးလွန်ခဲ့သူများအနက် ၁၂ ဦးကို သက်ဆိုင်ရာ တရားရုံးများ၌ စတင်စစ်ဆေးနေပြီ ဖြစ်သော်လည်း ထွက်ပြေး လွတ်မြောက်နေသူ ၂၄ ဦးရှိကြောင်း သိရသည်။ထို့ပြင် မူးယစ်ဆေးဝါး အပါအဝင် ဆက်စပ်အမှုများတွင် ရောင်း၊ ဝယ်၊ သုံးစွဲသူပေါင်း ၉၁၈၈ ဦးကို ၂၀၁၅ ခုနှစ်အတွင်း ဥပဒေအရ အရေးယူနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။ဘိန်း၊ ဘိန်းဖြူ အပါအဝင် မူးယစ်ဆေးဝါး ၄၉ မျိုးကို အဓိက ဖမ်းဆီးရမိခဲ့ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိခဲ့သည့် အမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် ဘိန်းအပါအဝင် မူးယစ်ဆေးဝါး ထွက်ရှိမှုမှာ ကမ္ဘာပေါ်တွင် အများဆုံး စာရင်း၌ ပါဝင်နေသော်လည်း အစိုးရ အနေဖြင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်းကို နှစ်အလိုက် လုပ်ဆောင်နေကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဘိန်းစိုက်ရာသီတွင် ဘိန်းခင်း ၁၃၂၇၄ ဒသမ ၉၈ ဟက်တာ (၃၂၈ ၀၂ ဒသမ ၄၇ ဧက)ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။မူးယစ်ဆေးဝါး အဓိက ထွက်ရှိသည့် ရှမ်းပြည်နယ်ရှိ ကျေးရွာ အချို့တွင် စိတ်ကြွမူးယစ်ဆေးပြားများအား မိသားစုအလိုက် သုံးစွဲမှုအထိ ရှိနေကြောင်း သိရသည်။