ငွေထုတ်ကတ်အတုများဖြင့် ATM စက်များမှ ငွေများ ခိုးထုတ်ယူခဲ့သည့် ဘူဂေးရီးယား နိုင်ငံသားအား ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် ထပ်မံအမှုဖွင့်

ငွေထုတ်ကတ်အတုများဖြင့် ATM စက်များမှ ငွေများ ခိုးထုတ်ယူခဲ့သည့် ဘူဂေးရီးယား နိုင်ငံသားအား ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် ထပ်မံအမှုဖွင့်
Published 10 January 2016

ရန်ကုန်မြို့ အတွင်းရှိ ATM စက်များထဲမှ ငွေထုတ်ကတ် အတုဖြင့် ငွေများ ခိုးထုတ်ယူခဲ့သည့် ဘူဂေးရီးယား နိုင်ငံသားကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (က) (ခ) ဖြင့် ကမာရွတ် မြို့မရဲစခန်း၌ ဇန်နဝါရီ ၉ ရက်တွင် ထပ်မံ အမှုဖွင့်ထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ ဘူဂေးရီးယား နိုင်ငံသား Milen Atanasov (၃၆) နှစ်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ အတွင်းက ကမာရွတ်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်များရှိ KBZ Bank ATM စက်များထဲမှ ငွေစက္ကူများကို ငွေထုတ်ကတ် အတုများဖြင့် ခိုးထုတ်ယူသောကြောင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးရာမှ ၎င်း၏ Laptop အတွင်း ပြည်ပနိုင်ငံရှိ ATM စက်များမှ အကောင့်နံပါတ်များအား တရားမဝင် ခိုးယူခဲ့ကြောင်း သိရသည်။ယင်းသို့ ခိုးယူထားသော အကောင့်နံပါတ်များကို Magnetic Stripe Card Reader Read Write Software and Hardware စသည့် နည်းပညာများ အသုံးပြု၍ ငွေထုတ်ရာတွင် အသုံးပြုသော လျှို့ဝှက်ကုတ်များကို တစ်ခုချင်းအလိုက် ကြိုတင်မှတ်သားထားကာ ငွေများ ခိုးထုတ်ယူခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မများဖြင့် ထပ်မံ၍ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ကမာရွတ် မြို့နယ်မှ ငွေများ ခိုးထုတ်ယူခဲ့သည့် ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ကမ္ဘောဇဘဏ် ATM ကတ်ဌာန၌ ငွေလဲလှယ်/ဖြည့်တင်းသည့်ဝန်ထမ်း ကို .. . .  (၂၅) နှစ်သည် လှည်းတန်း စိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာ ရှေ့၌ရှိသည့် ATM စက်များရှေ့တွင် TK.MAXX  တစ်ကတ်စီ တွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးအား ပြောပြခဲ့ကြောင်း သိရသည်။ထို့နောက် ကမ္ဘောဇဘဏ် ATM ကတ်ဌာန တာဝန်ရှိသူများက ယင်းကတ်နှစ်ကတ်အား IC ဌာနတွင် စစ်ဆေးရာ ဗီဇာကတ် Dater များတွေ့ရှိခဲ့ရပြီး လုံခြုံရေး ကင်မရာ မှတ်တမ်းများအား ပြန်လည်စစ်ဆေးရာ နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီကျော်ခန့်တွင် လှည်းတန်းစင်တာရှိ ATM စက်နှင့် လှည်းတန်း စိန်ဂေဟာရှေ့ရှိ ATM စက်တို့တွင် နိုင်ငံခြားသား တစ်ဦးက VISA ကတ်အတု၊ MASTRO ကတ်အတုနှင့် MASTER ကတ်အတုတို့ဖြင့် စုစုပေါင်း ငွေ ၁၈ သိန်းအား ထုတ်ယူသွားသည်ကို တွေ့ရှိခဲ့ရပြီး သက်ဆိုင်ရာ ကမာရွတ်မြို့နယ် ရဲစခန်းသို့ တိုင်တန်း အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ထိုသို့ ထုတ်ယူသွားသည့် ဘူဂေးရီးယား နိုင်ငံသားအား ဒီဇင်ဘာ ၁၁ ရက်တွင် ကျောက်တံတား မြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငွေကျပ် ၄၉၂ သိန်း၊ENGLAND POUNDS ၂၀ တန် (၁၅ ရွက်) နှင့် အခြား၎င်း အသုံးပြုသည့် ပစ္စည်းများအတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent