ပဲခူးတိုင်း ပြည်မြို့မှ လူသုံးဆယ်ကျော်ကို ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများတွင် ခိုင်းစေရန် လိမ်လည် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့်အတွက် တိုင်ကြားခဲ့ရာတွင် ရှာဖွေအရေးယူ ဆောင်ရွက်ပေးခြင်း မရှိ၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ပြည်မြို့ခံများအား လွန်ခဲ့သော သုံးလကျော်ခန့်က ရန်ကုန်မြို့ ငါးဒိုင်များတွင် တစ်လလျှင် လစာတစ်သိန်းခွဲနှင့် အခြားဝင်ငွေများ ပေါင်းပါက သုံးသိန်းခန့်ရမည် အလုပ်ရမည်ဟုဆိုကာ အလုပ်ခေါ် ပွဲစားများမှတစ်ဆင့် ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး လက်ရှိအချိန်ထိ ငွေမရခြင်း၊ အဆက်သွယ် ပြုလုပ်မရခြင်းများကြောင့် ရှာဖွေအရေးယူ ဆောင်ရွက်ပေးရန် ဒီဇင်ဘာလလယ်က အလုပ်သမား ညွှန်ကြားရေးမှူးရုံးကို တိုင်ကြားခဲ့သော်လည်း ရဲအရေးပိုင်အမှု ဖြစ်သောကြောင့် ရဲစခန်းသို့ လွှဲပေးခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် လူကုန်ကူးရုံးများသို့ တိုင်ကြားခဲ့ရာတွင်လည်း ထူးခြားမှု မရှိသလို အမှုဖွင့် ဆောင်ရွက်ပေးခြင်း မရှိ၍ စာချွန်တော်ပို့ရန် စီစဉ်ခဲ့ရခြင်း ဖြစ်ကြောင်း ခေါ်ဆောင်သွားခြင်း ခံခဲ့ရသူများ၏ မိသားစုဝင်များထံမှ သိရသည်။“လူကုန်ကူးလည်း ရောက်တယ်။ သက်ဆိုင်ရာ အမှတ် (၃) ရဲစခန်းကိုလည်း ရောက်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ် အမြန်ခေါ်ပေးပါလို့ ပြောတော့ သူများစကားကို ယုံနေတာ လက်တွေ့မဟုတ်တဲ့အတွက် အကူအညီ မပေးနိုင်ဘူးလို့ စခန်းက ရဲတွေက ပြောလိုက်တယ်။ ကျွန်မတို့က မျောက်သစ်ကိုင်းလွတ် ဖြစ်နေတယ်။ သားသမီးဆိုတော့ စိုးရိမ်စိတ် ကြီးတယ်။ အမြန်ဆုံး ပြန်ခေါ်ချင်တယ်” ဟု ခေါ်ဆောင်ခြင်း ခံသွားရသည့် ချင်းစုတာရိုး၌ နေထိုင်သည့် လူငယ်တစ်ဦး၏မိခင် ဒေါ်ခင်ဆန်းဝင်းက ပြောကြားသည်။“အလုပ်သမားရုံးကို ရောက်တယ်။ ရဲအေရေးပိုင်ဆိုပြီး ရဲကိုလွှဲတယ်။ ရဲကစစ်ဆေးပြီးတော့ အမှုဖွင့်မပေးဘူး။ နေပြည်တော်အထိ တိုင်ဖို့က ဆိုက်ကားနင်းစားရတာမို့ မတတ်နိုင်ဘူး” ဟု ကိုးသောင်းရပ်ကွက်မှ လူငယ်တစ်ဦး၏ဖခင် ဦးစောဝင်းက ပြောကြားသည်။တရားစွဲဆိုခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူများကို အခမဲ့ အမှုလိုက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက တရားစွဲဆိုနိုင်ရန် ကူညီသွားမည်ဖြစ်ပြီး ၎င်းက “ရဲစခန်းက အမှုဖွင့်မပေးဘူးဆိုတော့ ပထမဆုံး လူစုတဲ့ လူပွဲစားတွေကို ၄၂၀ နဲ့ အရင်စဖွင့်မယ်။ ပြီးတော့ မတရား အချုပ်အနှောင် ခံထားရတယ်လို့ ပြောလို့ရတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စာချွန်တော်ပို့ပြီး ရုံးတော်ရှေ့ ရောက်စေဆိုတဲ့ အမိန့်နဲ့ ဒီတရားရုံးကို ခေါ်ယူမယ်လို့ စီစဉ်ထားတယ်” ဟု ဆိုသည်။အဆိုပါ တိုင်ကြားမှုများနှင့် ပတ်သက်၍ အထက်အဆင့်ဆင့် ညွှန်ကြားမှုနှင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး ကျန်ရှိ မိသားစုဝင်များကို စစ်ချက်ရယူထားကာ မြို့နယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများထံ တင်ပြထားခြင်းဖြစ်၍ ကြန့်ကြာမှုများရှိကာ ပြန်လည်ကျလာပါက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေအမှတ် (၃) ရဲစခန်းမှ တာဝန်ကျ စာရေးကြီးက ပြောကြားသည်။
ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွင် ခိုင်းစေရန် ပြည်မြို့မှ လူ ၃၀ ကျော် လိမ်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး တိုင်ကြားမှုအား အရေးယူ ဆောင်ရွက်ပေးခြင်း မရှိ၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော် ပေးပို့မည်