ဒလမြို့နယ်၌ တံစဉ်ဖြင့် လိုက်ခုတ်သူကို သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

ဒလမြို့နယ်၌ တံစဉ်ဖြင့် လိုက်ခုတ်သူကို သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
Published 10 January 2016

ဒလမြို့နယ်၌ တံစဉ်ဖြင့် လိုက်ခုတ်သူကို သက်ဆိုင်ရာက သွားဖမ်းဆီးစဉ် ဓားများဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁၀ ရက်တွင် သိရှိရသည်။ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဒလမြို့နယ်၊ တုံးတင်ဂံ ကျေးရွာနေ ကိုသန်းမောင်သည် နေအိမ်တွင် ရှိနေစဉ် လယ်သူရင်းငှားဖြစ်သည့် ဆာမိမှာ နေအိမ်ပေါ်သို့ ပြေးတက်လာပြီး ဆံရှည်မှ တံစဉ်ဖြင့် လိုက်ခုတ်နေကြောင်း အော်ဟစ် အကူအညီ တောင်းခံသဖြင့် ကိုသန်းမောင်မှ တားဖြစ်ရာ “မင်းကိုပါ သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြီး တံစဉ်ဖြင့် ထိုးခုတ်ရန် ပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းသို့ ထိုးခုတ်ရန် ပြုလုပ်သဖြင့် ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးနယ်မြေ ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ)၁၇၈/၁၅ ပြစ်မှု ပုဒ်မ ၄၅၂/၂၉၄/၅၀၆ ဖြင့်အမှုဖွင့်ကာ ထွက်ပြေးတိမ်းရှောင်သွားသည့် ဆံရှည်ဆိုသူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထိုသို့ဆောင်ရွက်ရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၈ ရက် ညပိုင်းတွင် ဆံရှည် (ခ) ဟန်တင်မှာ ၎င်း၏ နေအိမ်သို့ ရောက်ရှိနေကြောင်း သိရသဖြင့် သက်သေများနှင့်အတူ သွားရောက် ဖမ်းဆီးရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ဖမ်းဆီးရာ ဆံရှည်နှင့် ၎င်း၏မိခင်တို့မှာ နေအိမ်တံခါးအား ဖွင့်ပေးခြင်း မရှိဘဲ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုခြင်းများ ပြုလုပ်ကာ ဆံရှည်က နေအိမ်အတွင်းမှနေ၍ ဓားမအား ကိုင်ဆောင်ပြီး ဖမ်းဆီးပါက ဓားဖြင့်ခုတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။ယင်းကြောင့် ရဲတပ်ဖွဲ့ဝင်များသည် ဥပဒေအတိုင်း ဆောင်ရွက်ရာ ၂ နာရီခန့်ကြာသည်အထိ ဖျောင်းဖျပြောဆိုခဲ့သော်လည်း မရသဖြင့် နေအိမ်တံခါးအား ချိုးဖျက်ဝင်ရောက် ဖမ်းဆီးရာ ဆံရှည်က ဓားမနှစ်ချောင်းကို ကိုင်ဆောင်၍ ပြန်လည်ခုခံသဖြင့် ၎င်းင်းကို ၁၂ ဗို့ Pump Action သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရပြီး ဇန်နဝါရီ ၉ ရက် နံနက် ၁နာရီခန့်တွင် နေအိမ်အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထိုသို့သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရမှုကြောင့် ဆံရှည်၏ ဝဲဘက်ခြေမျက်စိတွင် ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ရာ ဒလမြို့နယ် ဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။သွားရောက် ဖမ်းဆီးစဉ် ရဲတာဝန်ရှိသူများကို တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းအား နှောင့်ယှက်ဟန့်တား ဆဲဆိုခြိမ်းခြောက်သဖြင့် ဆံရှည်နှင့် ၎င်း၏မိခင်အား ပျော်ဘွယ်ကြီးနယ်မြေ ရဲစခန်းက (ပ)၄/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၅၃/၂၉၄/၁၁၄/၅၀၆ ဖြင့် အမှုဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent