ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ကမာရွတ်မြို့နယ် အတွင်းရှိ ATM စက်မှ ငွေ ၁၈ သိန်းကျပ်ကို ငွေထုတ်ကတ် အတုဖြင့် ခိုးထုတ်ခဲ့သည့် ဘူလ်ဂေးရီးယား နိုင်ငံသား တစ်ဦးကို ဇန်နဝါရီ ၈ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။ ယင်းနေ့တွင် တွဲဖက်မြို့နယ် တရားသူကြီးက အဆိုပါ ဘူလ်ဂေးရီးယား နိုင်ငံသားအား ပုဒ်မ ၃၈၀၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) တို့ဖြင့် တရားစွဲဆိုထားကြောင်း ရှင်းပြခဲ့သည်။လဝက အက်ဥပဒေဖြင့် တရားစွဲထားမှုနှင့် ပတ်သက်၍ ဘူလ်ဂေးရီးယား နိုင်ငံသားမှလည်း ၎င်းတွင် ပက်(စ်)ပို့စ်ရှိကြောင်း တရားခွင်၌ ပြောကြားခဲ့ပြီး တရားသူကြီးက လာမည့်ရုံးချိန်းတွင် ပက်(စ်)ပို့အား တရားရုံးသို့ တင်ပြရန် ပြောကြားခဲ့သည်။“ဒီနေ့ ဘူလ်ဂေးရီးယား နိုင်ငံသားကို ပြစ်မှုဆိုင်ရာပုဒ်မနဲ့ တစ်မှု၊ လဝက အက်ဥပဒေပုဒ်မနဲ့ တစ်မှု၊ စုစုပေါင်းနှစ်မှုနဲ့ စတင်တရားစွဲဆို လိုက်ပါတယ်” ဟု ကမာရွတ် မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဟန်က ဇန်နဝါရီ ၈ ရက်က ပြောကြားသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က လှည်းတန်း စိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာရှေ့ရှိ ATM စက်များရှေ့တွင် TK.MAXX တစ်ကတ်စီ တွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက် မန်နေဂျာမှ ယင်းကတ်နှစ်ကတ်အား IT ဌာနတွင် စစ်ဆေးခဲ့ရာ ဗီဇာကတ် Data များ တွေ့ရှိခဲ့ပြီး စစ်ဆေးချက်များအရ နိုဝင်ဘာ ၈ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် လှည်းတန်းစင်တာရှိ ATM စက်နှင့် လှည်းတန်း စိန်ဂေဟာရှေ့ရှိ ATM စက်တို့တွင် ဘူလ်ဂေးရီးယား နိုင်ငံသားတစ်ဦးမှ နိုင်ငံခြားမှ ယူလာသော VISA ကတ်အတု၊ MASTRO ကတ်အတုနှင့် MASTER ကတ်အတုတို့ဖြင့် စုစုပေါင်း ငွေကျပ် ၁၈ သိန်းအား ထုတ်ယူသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။အဆိုပါ ဘူလ်ဂေးရီးယား နိုင်ငံသားဖြစ်သည့် Mr. Milen Atanasov (TASEV) အား ဒီဇင်ဘာ ၁၁ ရက်က ကျောက်တံတားမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငွေကျပ် ၄၉၂ သိန်း၊ England Pounds ၂၀ တန် (၁၅ရွက်)နှင့် ၎င်းအသုံးပြုသည့် အခြားပစ္စည်းများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ထို့အပြင် ယင်းဘူလ်ဂေးရီးယား နိုင်ငံသားမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာရှိ ကမ္ဘောဇ ATM စက်မှ ငွေကျပ်လေးသိန်းအား ငွေထုတ်ကတ် အတုဖြင့် ထုတ်ယူခဲ့သည့်အပြင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကွင်း ကမ္ဘောဇဘဏ်ခွဲရှိ ATM စက်မှ ငွေကျပ်ငါးသိန်းအား ငွေထုတ်ကတ် အတုဖြင့် ထပ်မံခိုးထုတ်ခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
ကမာရွတ်မြို့နယ် အတွင်းရှိ ATM ငွေထုတ်စက်မှ ကျပ် ၁၈ သိန်းကို ငွေထုတ်ကတ် အတုဖြင့် ခိုးထုတ်ခဲ့သည့် ဘူလ်ဂေးရီးယား နိုင်ငံသား တစ်ဦးအား ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့် စတင်တရားစွဲဆို