အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မငါးခုဖြင့် တရားစွဲခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုလင်းထက်နိုင် (ခ) ဂျိမ်း၊ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့ကို ဇန်နဝါရီ ၈ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနှင့် ပတ်သက်၍ တရားစွဲခံထားရသော ဗကသ ကျောင်းသားခေါင်းဆောင်များ၏ ရှေ့နေဖြစ်သူ ဦးဌေးက အစိုးရဌာနဆိုင်ရာများအတွင်း အပြောင်းအလဲများ ရှိနေသော်လည်း နိုင်ငံရေး အကျဉ်းသားများ၊ ကျောင်းသားများ လွှတ်ပေးရေး ကိစ္စကို လက်ရှိအစိုးရ အနေဖြင့် လစ်လျှူရှုထားသည်ဟု သုံးသပ်ပြောကြားခဲ့သည်။“ဒီအမှုတွေနဲ့ ပတ်သက်ပြီးတော့ အပြင်က ပြည်သူတွေရော၊ နိုင်ငံရေး အသိုင်းအဝိုင်းကရော ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ ရွေးကောက်ပွဲသာ ပြီးသွားတာ မျှော်လင့်သလို ဖြစ်မလာဘူး။ အခုလည်း လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလာနိုင်တယ်လို့ သုံးသပ်ကြတယ်။တချို့ကလည်း အင်းစိန်ထောင်မှာ သွားစောင့်ကြတယ်။ ဒါပေမယ့် လွတ်မလာဘူး။ အဲဒီတော့ အခုက သမ္မတအသစ် တက်မှများလား၊ မျှော်လင့်ချက် မေးခွန်းတစ်ခု ဖြစ်လာတာပေါ့နော်။ လက်ရှိ အချိန်ထိလည်း ကျောင်းသားတွေက အမှုမပြီးတဲ့အပြင် အမှုတွေ ထပ်တိုးလို့မဆုံး ဖြစ်နေတာလေ။ ဖမ်းလို့လည်း မဆုံးသေးဘူးဗျ။ ကျန်တဲ့ သုံးလအတွင်းမှာလေ။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်က ဝေးတယ်လို့ သုံးသပ်တယ်။အခုက အပြောင်းအလဲကာလ ရောက်လာပြီ ပေါ့နော်။ လွှတ်တော်ကလည်း အသစ်ခေါ်တော့မယ်ဆိုတော့ လွှတ်တော် အသစ်အတွက် အထိမ်းအမှတ် အနေနဲ့ လွတ်ချင်လည်း လွှတ်လို့ရတာပေါ့လေ။ သမ္မတအသစ် တင်မြှောက်တဲ့ အကြောင်းအရာ အနေနဲ့လည်း လွှတ်ချင်လွှတ်လို့ ရတာပဲလေ။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်ကြရတဲ့ အခါကျတော့ ကာကွယ်ရေး ဦးစီးချုပ်က သဘောတူမှပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတယ်။ လက်ရှိအချိန် ကြည့်တဲ့အခါမှာလည်း တင်းမာတွေရှိတော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာပေါ့။ အခုဟာ အပြောင်းအလဲ ကာလမှာ ဌာနဆိုင်ရာအလိုက် အပြောင်းအလဲတွေ၊ ရာထူး အပြောင်းအလဲတွေ ရှိသလို၊ ကျန်လုပ်ပိုင်ခွင့်တွေမှာလည်း စီးပွားရေး လုပ်ငန်းတွေကိုလည်း တက်သုတ်ရိုက် လုပ်နေကြတာပေါ့။ အဲဒါတွေက သူတို့အတွက် အရေးကြီးနေတာ။ ဒီဖက်က ကျောင်းသားနဲ့ ဝိုင်းရံပြည်သူတွေ၊ နိုင်ငံရေး အကျဉ်းအသားတွေ ကိစ္စကို တုပ်တုပ်တောင် မလှုပ်ကြဘဲနဲ့ လျစ်လျှူရှုထားသလို ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်” ဟု ရှေ့နေ ဦးဌေးက ပြောကြားခဲ့သည်။လက်ရှိတွင် ကမာရွတ် တရားရုံး၌ ဗကသ ကျောင်းသားခေါင်းဆောင် လေးဦးနှင့် ဝန်းရံပြည်သူ တစ်ဦးအား တရားစွဲဆိုထားသော အမှုမှာ ကမာရွတ်မြို့နယ် တရားသူကြီး အပြောင်းအလဲကြောင့် အမှုအား စစ်ဆေးခြင်း မရှိသေးဘဲ ဇန်နဝါရီ ၁၅ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုပေးခဲ့ပြီး ယင်းသို့ ရုံးချိန်း ချိန်းဆိုနေသည်မှာ လေးကြိမ်ရှိပြီ ဖြစ်သည်။ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုနန္ဒာစစ်အောင်၊ ကျောင်းသူ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့မှာ မတ်လ ၁၀ရက်က ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့မှ အကြမ်းဖက် ဖြိုခွဲခဲ့မှုကို ရှုံ့ချကန့်ကွက်ကြောင်း ဆန္ဒပြမှုတွင် ပါဝင်သဖြင့် ကမာရွတ် ရဲစခန်းက ဥပဒေပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ၊ ကျောင်းသားများ လွှတ်ပေးရေးကိစ္စ လက်ရှိအစိုးရ အနေဖြင့် လျစ်လျူရှုထားကြောင်း ဖမ်းဆီးခံ ဗကသ ကျောင်းသားခေါင်းဆောင်များ၏ရှေ့နေ ပြောကြား