ပရဟိတ လုပ်ဆောင်မှုများနှင့် ဝေဠုကျော်၊ ချစ်သုဝေ

ပရဟိတ လုပ်ဆောင်မှုများနှင့် ဝေဠုကျော်၊ ချစ်သုဝေ
Published 27 December 2015
လင်းလင်းခိုင်

၂၀၁၅ ခုနှစ် အတွင်းတွင် ပရဟိတ လုပ်ငန်းများ၌ တတ်စွမ်းသရွေ့ ပါဝင် ဆောင်ရွက်ခဲ့ပြီးနောက် ပရိသတ်များ၏ အားပေးချီးမြှောက်မှုကို များစွာရရှိခဲ့သည့် အနုပညာရှင်နှစ်ဦးဖြစ်သော သရုပ်ဆောင် ဝေဠုကျော်နှင့် ချစ်သုဝေတို့အား ပရဟိတ လုပ်ငန်းများနှင့် ထင်ရှားသည့် အနုပညာရှင်များအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ သရုပ်ဆောင် ဝေဠုကျော်သည် သွေးမေတ္တာ သွေးလှူ အသင်းအား ဦးဆောင်ကာ သွေးလိုအပ်သူများအတွက် သွေးလှူဒါန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။ ၂၀၁၅ ခုနှစ် အတွင်းတွင်မူ ဝေဠုကျော် ဖောင်ဒေးရှင်း အနေဖြင့် ပရဟိတ လုပ်ငန်းများစွာကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဝေဠုကျော်သည် လောက်ကိုင် ဒေသ စစ်ဘေးရှောင် ပြည်သူများထံသို့ စစ်ပွဲကာလအတွင်းတွင်ပင် သွားရောက်ကာ လိုအပ်သည်များအား ကူညီလှူဒါန်းခဲ့ခြင်းကြောင့် ပရိသတ်များကြားတွင် ထင်ရှားလာခဲ့သည်။ မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဖုံးလွှမ်းမှုများ ကြုံတွေ့ရသည့်အခါ ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားရသည့် ဒေသများသို့ သွားရောက်ကာ လှူဒါန်းကူညီမှုများ ပြုလုပ်ခဲ့သည့်အပြင် ကိုယ်တိုင် လုပ်အားပေး ဆောင်ရွက်နေမှုများမှာ လူမှုကွန်ရက် စာမျက်နှာများထက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပရိသတ် အားပေးမှုမှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။ လက်ရှိ အချိန်တွင်လည်း သရုပ်ဆောင် ဝေဠုကျော်သည် ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး အပါအဝင် ပရဟိတ လုပ်ငန်းများစွာတွင် ပါဝင်ကူညီ ဆောင်ရွက်နေဆဲဖြစ်သည်။၂၀၁၅ ခုနှစ် အတွင်းတွင်ပင် သရုပ်ဆောင် ချစ်သုဝေသည် ပရဟိတ လုပ်ငန်းများစွာနှင့် ပရိသတ် အားပေးချစ်ခင်မှုများစွာ ရရှိခဲ့သည်။ ချစ်သုဝေသည် ရေဘေးဒုက္ခ ဆိုးရွားစွာ ခံစားခဲ့ရသော ဒေသများသို့ ကိုယ်တိုင် သွားရောက်ကာ လှူဒါန်းကူညီမှုများ ပြုလုပ်ခဲ့သည့်အပြင် ကျန်းမာရေး အသိပညာပေး သတင်းစကားများအား ပြောကြားပေးခဲ့သည်။     ချစ်သုဝေသည် ရှမ်းပြည်နယ်ရှိ ဝမ်ဝနှင့် ဟိုက်ပါ စစ်ဘေးရှောင် စခန်းနှစ်ခုသို့လည်း ကိုယ်တိုင် သွားရောက်ကာ အခြေခံ လိုအပ်ချက်များဖြစ်သည့် ဆိုလာပြားများနှင့် အိမ်သာများ ဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။ချစ်သုဝေက ပရဟိတ လုပ်ငန်းများနှင့် ပတ်သက်၍ “ထရီဇာ ပိုင်ဆိုင်ထားတဲ့ အရာတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ တွေးပါတယ်။ ထရီဇာက လူတွေထဲက လူတစ်ယောက်၊ လူတိုင်းကို ကိုယ်လိုတွေးပြီး စာနာဖို့ ကြိုးစားတယ်။ ထရီဇာ ခံယူထားတာက လူအချင်းချင်း မေတ္တာတွေ အခြေခံပြီး စာနာမယ်။ နားလည်မယ်။ ဖေးမမယ်။ ဝေမျှကြမယ်ဆိုရင် ကမ္ဘာကြီးကို အကျည်းတန်စေတဲ့ အရာတွေနဲ့ ကင်းဝေးပြီး ငြိမ်းချမ်း တည်ငြိမ်လာမယ်လို့ ယုံကြည်တယ်” ဟု ဆိုပါသည်။                                          

Most Read

Most Recent