ရုပ်ရှင်ဇာတ်ကား အများဆုံး ရိုက်ကူးရဆဲ အကယ်ဒမီ နေတိုး

ရုပ်ရှင်ဇာတ်ကား အများဆုံး ရိုက်ကူးရဆဲ အကယ်ဒမီ နေတိုး
Published 27 December 2015
လင်းလင်းခိုင်

၂၀၁၅ ခုနှစ် အတွင်းတွင် ရုပ်ရှင်ဇာတ်ကား အများဆုံး ရိုက်ကူးရသည့် သရုပ်ဆောင် တစ်ဦးဖြစ်ကာ ပရိသတ် အားပေးချစ်ခင်မှုကို ရယူသိမ်းပိုက်ထားနိုင်ဆဲ ဖြစ်သည့် သရုပ်ဆောင် အကယ်ဒမီ နေတိုးကို ထင်ရှားသည့် အနုပညာရှင် တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ သရုပ်ဆောင် အကယ်ဒမီ နေတိုးသည် ၂၀၁၅ ခုနှစ် အတွင်းတွင် ရုပ်ရှင်ဇာတ်ကား အများအပြား လက်ခံရိုက်ကူးထားရကာ ရုံတင်ပြသခဲ့သည့် ဇာတ်ကားများတွင်လည်း ၎င်းပါဝင်ထားသည့် ဇာတ်ကားများစွာ ပါဝင်ခဲ့သည်။သရုပ်ဆောင် နေတိုး ပါဝင်သရုပ်ဆောင်ထားသည့် “ကျွန်မက နှင်းဆီပါမောင်”၊ “ကျူးပစ်ရဲ့ကျေးကျွန်များ”၊ “နက္ခတ်မှားတဲ့ တိုက်ပွဲ” စသည့် ရုပ်ရှင် ဇာတ်ကားများမှာ ၂၀၁၅ ခုနှစ်အတွင်း ထင်ရှားအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများ ဖြစ်သည်။ ထို့ပြင် သရုပ်ဆောင် နေတိုးသည် ၂၀၁၅ ခုနှစ် အတွင်းတွင် ရုပ်ရှင်ကားကြီး အများအပြား လက်ခံရိုက်ကူးထားကာ ထိုင်းဒါရိုက်တာ ရိုက်ကူးသည့် “From Bangkok to Mandalay” ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်လည်း ရုပ်ရှင် ကားကြီးလေးကား ထပ်မံရိုက်ကူးရန် စီစဉ်ထားသည့်အပြင် ဗီယက်နမ် အလှမယ်နှင့် တွဲဖက်ကာ ဇာတ်ကား ရိုက်ကူးရန် စီစဉ်ထားသည်။သရုပ်ဆောင် နေတိုးသည် ၂၀၁၅ ခုနှစ် အတွင်းတွင် နှင်းဆီ အဖွဲ့သားများနှင့် ပူးပေါင်း တင်ဆက်ခဲ့သည့် “အောင်ဆန်းသူရိယ နှင်းဆီ” အငြိမ့်နှင့် “နေ့သစ်နှင်းဆီ” အငြိမ့်များတွင်လည်း လူရွှင်တော်အဖြစ် တင်ဆက်ခဲ့မှုအပေါ် ပရိသတ် အားပေးမှုများစွာ ရရှိထားသူ ဖြစ်သည်။ သရုပ်ဆောင် နေတိုးနှင့် နှင်းဆီ အဖွဲ့သားများသည် ၂၀၁၆ ခုနှစ် အတွင်းတွင် သြစတြေးလျနှင့် စင်ကာပူ နိုင်ငံများသို့ သွားရောက် ဖျော်ဖြေရန် စီစဉ်ထားသည်။“ကျွန်တော် ၂၀၁၅ ခုနှစ်ထဲမှာ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကို ရိုက်ကူးဖြစ်သလို ဆန်းသစ် တိုးတက်လာတဲ့ ရုပ်ရှင် စက်မှုပိုင်းဆိုင်ရာ နည်းပညာတွေကိုလည်း ကျွန်တော် ပါဝင်တဲ့ ဇာတ်ကားတွေမှာ အသုံးပြုနိုင်ဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေကလည်း ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ဇာတ်ကောင် ကာရိုက်တာပိုင်းအရလည်း ထူးခြားတာမျိုးတွေ လုပ်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အနုပညာပိုင်းအရ ပရိသတ်တွေအတွက် အားပေးရကျိုးနပ်မယ့် ဖန်တီးမှုမျိုးတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ၂၀၁၆ ထဲမှာလည်း ရုပ်ရှင်ကားကြီးလေးကား ရိုက်ဖို့ လက်ခံထားသလို ထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေ၊ အနုပညာ ဖန်တီးမှုတွေ ဖြစ်မှာပါ။ အနုပညာကို ချစ်တဲ့စိတ်နဲ့ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ကြိုးစားနေပါတယ်။ ပရိသတ်တွေလည်း ကျေနပ်မှာပါ။ ၂၀၁၆ မှာ အနုပညာ လောကမှာလည်း နည်းပညာပိုင်းအရ၊ အရည်အသွေးပိုင်း အရပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သရုပ်ဆောင် အကယ်ဒမီ နေတိုးက ဆိုသည်။သရုပ်ဆောင် အကယ်ဒမီ နေတိုးသည် ၂၀၁၄ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများဖြင့် အကယ်ဒမီ တစ်ကြိုပေးခြင်း ခံရသူဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်လည်း ပရိသတ် လက်ခံအားပေးမှု များပြားသည့် ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent