အနီရောင် တေးအယ်လ်ဘမ်ဖြင့် ထပ်မံ အောင်မြင်ခဲ့သူ အဆိုတော် နီနီခင်ဇော်

အနီရောင် တေးအယ်လ်ဘမ်ဖြင့် ထပ်မံ အောင်မြင်ခဲ့သူ အဆိုတော် နီနီခင်ဇော်
Published 27 December 2015
လင်းလင်းခိုင်

၂၀၁၅ ခုနှစ်အတွင်း ထွက်ရှိခဲ့သည့် ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီး “အနီရောင်” ဖြင့် အောင်မြင်မှုများ ထပ်မံသိမ်းပိုက်နိုင်ခဲ့သူ အဆိုတော် နီနီခင်ဇော်အား ၂၀၁၅ ခုနှစ်အတွင်း ထင်ရှားသည့် အမျိုးသမီး အဆိုတော် တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ အဆိုတော် နီနီခင်ဇော်သည် ၂၀၁၅ ခုနှစ် အတွင်းတွင် “အနီရောင်” တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိခဲ့ပြီးနောက် ယင်းတေးစီးရီးတွင် ပါဝင်ခဲ့သည့် မလိုချင်ဘူး...စစ်၊ Super Red ၊ သစ္စာရှိကြေး၊ Marry Me၊ ဂယ်ဘဲ ဂယ်ဘဲ တေးသီချင်းများမှာ အောင်မြင်သည့် တေးသီချင်းများအဖြစ် ရပ်တည်ခဲ့သည်။ ထို့ပြင် အဆိုတော် နီနီခင်ဇော်သည် ပြည်တွင်းပြည်ပတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲပေါင်း များစွာတွင်လည်း ပါဝင်သီဆို ဖျော်ဖြေခွင့် ရရှိခဲ့သည်။ ငြိမ်းချမ်းရေးအတွက် ရည်ရွယ် သီဆိုထားသည့် “မလိုချင်ဘူး ...စစ်” တေးသီချင်းမှာ ယခုနှစ်အတွင်း အထင်ရှားဆုံး တေးသီချင်းတစ်ပုဒ်အဖြစ် ရပ်တည်ခဲ့သည်။ ထို့ပြင် တေးရေး ဆောင်းဦးလှိုင် ရေးသားကာ နီနီခင်ဇော် သီဆိုထားသည့် “မျှော်လင့်ချက် တစ်စုံတစ်ရာ” သီချင်းမှာလည်း ယခုနှစ်တွင် အောင်မြင်ဆဲ တေးသီချင်း တစ်ပုဒ်အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။“၂၀၁၅ ခုနှစ်ထဲမှာ နီနီရဲ့ ဒုတိယ တစ်ကိုယ်တော်စီးရီး အနီရောင်ကို ထွက်ရှိနိုင်ခဲ့ပါတယ်။ ဒီစီးရီးကိုလည်း ပရိသတ်တွေက အားပေးခဲ့ကြတဲ့အတွက် နီနီအရမ်းလည်း ပျော်ပါတယ်။ အထူးသဖြင့်တော့ ဒီစီးရီးမှာ ပါဝင်တဲ့ သီချင်းလေးတွေ အများစုကို ပရိသတ်တွေက အရမ်းအားပေးကြတဲ့အခါ နီနီတို့ ကြိုးစားရကျိုး နပ်တယ်လို့ ဆိုရမှာပါ။ ဒီအခွေထဲမှာ ပါဝင်တဲ့ မလိုချင်ဘူးစစ်ဆိုတဲ့ သီချင်းလေးဆိုလည်း အသံသွင်းတဲ့ အချိန်မှာလည်း နီနီငိုခဲ့ရတဲ့ သီချင်းလေးဖြစ်သလို အမ်တီဗွီအဖြစ် ရိုက်ကူးတဲ့ အခါမှာလည်း မျက်ရည် ကျခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် နီနီ ကျေနပ်ပါတယ်။ ဒီနှစ်ထဲမှာ ဖျော်ဖြေပွဲတွေမှာ ဆိုခွင့်ရတယ်။ နီနီ့ ပရိသတ်တွေနဲ့ ထိတွေ့ခွင့် ပိုရခဲ့တဲ့အတွက် ကျေနပ်စရာ နှစ်တစ်နှစ်လို့ ဆိုရမှာပါ” ဟု နီနီခင်ဇော်က ဆိုသည်။အဆိုတော် နီနီခင်ဇော်သည် NLD ပညာရေးနှင့် ကျန်းမာရေးကွန်ရက် ရန်ပုံငွေအတွက် အမေရိကန်နိုင်ငံရှိ မြို့ကြီးများတွင် သွားရောက် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲများတွင်လည်း လိုက်ပါသီဆိုခဲ့သည်။“နီနီ အခုနှစ်မှာ ဂီတနဲ့ပတ်သက်လို့ နီနီ ဖန်တီးချင်တာလေးတွေ၊ ပရိသတ်တွေအတွက် တင်ပြချင်တာလေးတွေကို လုပ်ပြခွင့်ရတယ်။ ဒါ့အပြင် NLD ပညာရေး ကွန်ရက်နဲ့ ကျန်းမာရေးကွန်ရက် ရန်ပုံငွေပွဲတွေလိုမျိုး ပရဟိတပွဲတွေမှာလည်း ပါဝင် သီဆိုနိုင်တယ်။ ဒါကြောင့် နီနီ့အတွက်တော့ စိတ်ကျေနပ်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ဆိုရပါမယ်။ ၂၀၁၆ ထဲမှာလည်း အနီရောင် တေးအယ်လ်ဘမ်ရဲ့ အမ်တီဗွီကို ထွက်နိုင်အောင် ကြိုးစားသွားပါမယ်။ တေးစီးရီး အသစ်အတွက်လည်းစပြီး ပြင်ဆင်နေပါပြီ။ ၂၀၁၆ အတွက် ခွန်အားအပြည့်နဲ့ ပြင်ဆင်နေပါတယ်” ဟု နီနီခင်ဇော်က ဖြည့်စွက် ပြောကြားသည်။အဆိုတော် နီနီခင်ဇော်သည် လတ်တလောတွင် ဖျော်ဖြေပွဲများစွာ၌ သီဆိုဖျော်ဖြေလျက်ရှိပြီး နယူးရီးယားညတွင်လည်း အနုပညာ လုပ်ငန်းများ လုပ်ကိုင်၍ ဖြတ်သန်း ကုန်ဆုံးရန် စီစဉ်ထားသည်ဟု သိရသည်။

Most Read

Most Recent