လူငယ် သရုပ်ဆောင်များကြားတွင် ပရိသတ် အားပေးမှု အများအပြား ရရှိနေသူ သရုပ်ဆောင် ဇေရဲထက်

လူငယ် သရုပ်ဆောင်များကြားတွင် ပရိသတ် အားပေးမှု အများအပြား ရရှိနေသူ သရုပ်ဆောင် ဇေရဲထက်
Published 27 December 2015

၂၀၁၅ ခုနှစ် အတွင်းတွင် လူငယ် ပရိသတ်များအကြား လက်ခံအားပေးမှု များပြားလာပြီး ဇာတ်ကားရိုက်ကူး ထွက်ရှိမှု များပြားလာသည့် လူငယ်သရုပ်ဆောင် ဇေရဲထက်ကို ထင်ရှားကျော်ကြား ကဏ္ဍ၏ တက်သစ်စ အနုပညာရှင် တစ်ဦးအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။လူငယ်သရုပ်ဆောင် ဇေရဲထက်သည် ၂၀၁၃ ခုနှစ် အတွင်းတွင် ခေါင်းဆောင် မင်းသားအဖြစ် ဇာတ်ကားများ စတင်ရိုက်ကူးလာသူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ စတင်ကာ ပရိသတ် လက်ခံအားပေးမှု များပြားလာသူ ဖြစ်သည်။ သရုပ်ဆောင် ဇေရဲထက်အား ဟာသဇာတ်ကား၊ ရိုးမန့်စ် ဖန်စီ ဇာတ်ကားများနှင့် ပရိသတ် သဘောကျ နှစ်သက်ခဲ့ပြီး ကြော်ငြာများလည်း လက်ခံရိုက်ကူးခွင့် ရရှိထားသူ ဖြစ်သည်။ ဇေရဲထက်သည် ပထမဆုံး ရိုက်ကူးခဲ့သည့် “ပြောလို့ မဖြစ်ဘူး” ဇာတ်ကားနှင့် ပရိသတ် စတင် သတိထားမိကာ ၂၀၁၄ ခုနှစ်အတွင်း ထွက်ရှိခဲ့သည့် “ဖေဖော်ဝါရီ ၃၀” ၊ “တစ်ကျပ်ဖိုး သုံးကောင်”၊ “ဝှက်ဖဲ”၊ “ဧပရယ် ညွှန်းစာဖွဲ့” ဇာတ်ကားများနှင့် ပရိသတ် အားပေးမှု ရရှိလာသူ ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်းတွင်မူ ဇာတ်ကား အများဆုံး ထွက်ရှိလာသည့် သရုပ်ဆောင် စာရင်းတွင် ပါဝင်လာခဲ့ပြီး ဇာတ်ကား အများစုကို ပရိသတ် အားပေးနှစ်သက်ခဲ့သည်။“အနုပညာကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ဒီလောကထဲကို ရောက်လာတာပါ။ နယ်ကနေ တစ်ယောက်တည်း လာလုပ်တာ ဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားရင်း ပရိသတ် လက်ခံလာတာပါ။ ကျွန်တော် ပါဝင်ခဲ့တဲ့ ဇာတ်ကားတွေကို ပရိသတ်တွေက သဘောကျ နှစ်သက်တယ်ဆိုတော့လည်း ကြိုးစားရကျိုး နပ်တာပေါ့လေ။ ဇာတ်ကောင် စရိုက်စုံအောင်တော့ ကြိုးစားနေပါတယ်။ လောလောဆယ်တော့ ပရိသတ်တွေက ဟာသကားတွေ၊ ဖန်စီ ဇာတ်ကားတွေကို ပိုကြိုက်ကြတယ်။ နောက်ပိုင်းတော့ အခုထက်ပိုပြီး ဇာတ်ကောင် စရိုက်စုံအောင် ကြိုးစားသွားမှာပါ” ဟု သရုပ်ဆောင် ဇေရဲထက်က ဆိုသည်။

Most Read

Most Recent