၂၀၁၅ ခုနှစ်အတွင်း ပြုလုပ်မှု များပြားခဲ့သည့် သက်ကြီး ပန်းချီပညာရှင်တို့၏ တစ်ကိုယ်တော် ပန်းချီပြပွဲများ

၂၀၁၅ ခုနှစ်အတွင်း ပြုလုပ်မှု များပြားခဲ့သည့် သက်ကြီး ပန်းချီပညာရှင်တို့၏ တစ်ကိုယ်တော် ပန်းချီပြပွဲများ
Published 27 December 2015
ပြည့်စုံနေဝင်း

ယခု၂၀၁၅ ခုနှစ် အတွင်းတွင် ပန်းချီပြခန်းသစ်များလည်း ဖွင့်လှစ်ခဲ့ပြီး ပြပွဲပြုလုပ်မှုများမှာ များပြားခဲ့သည့်အပြင် အထူးသဖြင့် သက်ကြီး ပန်းချီဆရာကြီး အများစု တစ်ကိုယ်တော် ပြပွဲများ ပြုလုပ်ပြသနိုင်ခဲ့သည်။ယခုနှစ်အတွင်း မြန်မာနိုင်ငံ အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ Strand Hotel တွင် ပြုလုပ်ခဲ့ပါသည်။ ပန်းချီပြပွဲတွင် ဆရာကြီး ဦးစန်းလှိုင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရေးဆွဲခဲ့သည့် ပန်းချီကားများနှင့် ပန်းချီကား ၁၀၀ ကျော်ကို ပြသခဲ့သည်။ ဆရာကြီး ဦးစန်းလှိုင်သည် မြန်မာ့ရိုးရာ ပန်းချီကားများ၊ ဗုဒ္ဓဝင် ပန်းချီကားများ၊ လွတ်လပ်ရေး တိုက်ပွဲဝင် ပန်းချီကားများစွာကို ရေးဆွဲခဲ့ကာ ပြပွဲတွင် ထည့်သွင်း ပြသခဲ့သည်။၂၀၁၅ ခုနှစ်အတွင်း တစ်ကိုယ်တော် ပြပွဲပြုလုပ်ခဲ့သည့် သက်ကြီး အနုပညာရှင် တစ်ဦးမှာ ပန်းချီဆရာကြီး ဦးလွန်းကြွယ် ဖြစ်ပါသည်။ ဆရာကြီး ဦးလွန်းကြွယ်သည် အသက် ၈၅ နှစ်ရှိပြီဖြစ်ကာ စက်တင်ဘာ၂၄ ရက်မှ အောက်တိုဘာ ၂ ရက်တွင် တစ်ကိုယ်တော် ပြပွဲကို ပြုလုပ်ခဲ့သည်။ ဆရာကြီး ဦးလွန်းကြွယ်၏ တစ်ကိုယ်တော် ပြပွဲတွင် ထင်ရှားသည့် လက်ရာ ပန်းချီကားများကို ပြသသည့်အပြင် အသက် ၈၅ နှစ်ပြည့် အထိမ်းအမှတ် ပြတိုက်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။         ကိန္နရီကိန္နရာ ကဟန်များဖြင့် ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည့် ပန်းချီဆရာကြီး စတား ဦးမြသန်း၏ အသက် ၈၁ နှစ်ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲကို မေ ၁၀ ရက်မှ ၁၈ ရက်အထိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ပန်းချီပြခန်းတွင် ပြုလုပ်ခဲ့သည်။“အဘတို့ သက်ကြီး ပန်းချီဆရာကြီးတွေ ပြပွဲလုပ်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်က မျိုးဆက်သစ် ပန်းချီဆရာတွေ အတုယူနိုင်ဖို့၊ ကြည့်ရှုလေ့လာနိုင်ဖို့ကို ရည်ရွယ်ပါတယ်။ အဲဒီပွဲမှာ ဆိုရင်လည်း “Gray မနိုင်ရင် ဆေးမကိုင်နဲ့” ဆိုတဲ့ စကားကို သက်သေပြတဲ့ အနေနဲ့ အဘ ဆွဲပြခဲ့တယ်” ဟု ဆရာကြီး စတား ဦးမြသန်းက ပြောပြသည်။၁၉၃၅ ခုနှစ်တွင် မွေးဖွားခဲ့ကာ အသက် ၈၀ ရှိပြီဖြစ်သည့် ပန်းချီဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဆရာ ဦးဝင်းဖေသည် ရေဆေးသီးသန့် ပန်းချီပြပွဲ တစ်ပွဲနှင့် ကာတွန်းပြပွဲ တစ်ပွဲတို့ကို ပြုလုပ်ခဲ့သည်။ ဦးဝင်းဖေသည် ရေဆေးဖြင့် ရေးဆွဲထားသည့် ပန်းချီကားများ သီးသန့်ပြပွဲတစ်ပွဲကို ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ၅ ရက်အထိ River Ayeyarwaddy Gallery တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပန်းချီပြပွဲတွင် ရေဆေးပန်းချီ ၅၂ ကားပြသခဲ့ပြီး အဆိုပါ ပန်းချီကားများ အပါအဝင် အခြားရေဆေးပန်းချီကား ပုံရိပ်ပေါင်း ၂၀၀ ဝန်းကျင် စုစည်းထားသည့် “ဝင်းဖေ၏ ရေဆေးပန်းချီများ” စာအုပ်ကိုလည်း ထုတ်ေ၀ ဖြန့်ချိခဲ့သည်။ထို့ပြင် ဆရာကြီး ဦးဝင်းဖေသည် ၂၀၁၅ ခုနှစ် ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၊ နဝဒေးလမ်းရှိ Think Art Gallery တွင် “လွန်ခဲ့သော ၅၅ နှစ်က ဝင်းဖေ၏ ကာတွန်းများ” ဟု အမည်ပေးထားသည့် ကာတွန်းပြပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။        

Most Read

Most Recent