မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အပါအဝင် အလုပ်အမှုဆောင် အဆင့်ဆင့်၏ ရွေးချယ်ခံ သက်တမ်းကို ပြင်ဆင်ကာ အမှုဆောင်သစ်များ ရွေးကောက် တင်မြှောက်ခြင်းကို ၂၀၁၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည်။ ယင်းလုပ်ဆောင်မှုသည် သဘင်ပညာရှင်များအကြား အထင်ကရ ဖြစ်ခဲ့သည်အတွက် မြန်မာ့သဘင်လောက၏ ထူးခြားမှု တစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။ အလုပ်အမှုဆောင်များ ပြန်လည် ရွေးကောက်ခြင်းကို အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီးပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၏ အလုပ်အမှုဆောင် သက်တမ်းကို ယခင်က လေးနှစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ သဘင်အစည်းအရုံး အထူးအစည်းအဝေးတွင် အလုပ်အမှုဆောင်များ၏ သက်တမ်းကို လေးနှစ်မှ နှစ်နှစ်သို့ လျှော့ချသတ်မှတ်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ သို့အတွက် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး အမှုဆောင်များ၏ တာဝန်ယူရသည့် သက်တမ်း ကုန်ဆုံးသွားပြီး အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အဆင့် အလုပ်အမှုဆောင် ရွေးချယ်ပွဲသို့ ရွေးချယ်ခံပိုင်ခွင့်နှင့် မဲပေးပိုင်ခွင့်အတွက် လက်ရှိတာဝန် ထမ်းဆောင်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး အဖွဲ့ဝင်များနှင့် ပြင်ပမှ ပါဝင်သင့်သူ သဘင်ပညာရှင်များ အပါအဝင် လူ ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး အမှုဆောင်သစ်များ၏ ရာထူးနေရာများအတွက် ပြန်လည် မဲပေး ရွေးကောက်ခဲ့ကြသည်ဟု သိရသည်။အသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) တွင် ဥက္ကဋ္ဌအဖြစ် မင်းသား ဖိုးချစ်၊ ဒုဥက္ကဋ္ဌ (၁) မန္တလေး နေဝင်း (ဆိုင်း)၊ ဒုဥက္ကဋ္ဌ (၂) ပဲခူး စိန်မြအောင် (ဆိုင်း)၊ အတွင်းရေးမှူး ဦးမိုးဝင်း၊ အတွင်းရေးမှူး (၁) မြန်မာပြည် ကျောက်စိမ်း (ဆိုင်း)၊ အတွင်းရေးမှူး (၂) ဖိုးသင်္ကြန် (ဆိုင်း)၊ စည်းရုံးရေးမှူး နန်းခင်မွှေး၊ ပြန်ကြားရေးမှူး ပတ္တမြားကေခိုင်၊ စာရင်းစစ် မအေးမော်၊ ဘဏ္ဍာရေးမှူး ကိုဇော်ဝင်း စသူတို့ကို တင်မြှောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၏ အလုပ်အမှုဆောင် သက်တမ်းများ ပြန်လည်ပြင်ဆင်ကာ အမှုဆောင်သစ် ရွေးကောက် တင်မြှောက်ပွဲ ပြုလုပ်ခြင်း