၂၀၁၅ ခုနှစ်အတွင်း၌ မြန်မာရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးရာတွင် ပြည်ပမှ အနုပညာရှင်များအား မြန်မာအနုပညာရှင်များနှင့်အတူ တွဲဖက်ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားများ များပြားလာခဲ့သည်။ ထို့ကြောင့် နိုင်ငံခြားမှ အနုပညာရှင်များ ဖိတ်ခေါ်ကာ ဇာတ်ကား ရိုက်ကူးမှု များပြားလာခြင်းကို မြန်မာ့ရုပ်ရှင်လောက၏ ထူးခြားသော အဖြစ်အပျက် တစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။မြန်မာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာတွင် နိုင်ငံခြားမှ သရုပ်ဆောင်များ၊ အလှမယ်များအပြင် ကင်မရာမန်းနှင့် ဓာတ်ပုံဆိုင်ရာ အနုပညာ ကဏ္ဍ၏ အတတ်ပညာပိုင်းဆိုင်ရာများတွင်ပါ နိုင်ငံခြားမှ အနုပညာရှင်များ ဖိတ်ခေါ်ရိုက်ကူးမှုများ ရှိလာခဲ့သည်။ ထိုကဲ့သို့ နိုင်ငံခြားမှ အနုပညာရှင်များအား ဖိတ်ခေါ်ရိုက်ကူးရာတွင်လည်း အမျိုးသမီး သရုပ်ဆောင်များအား ဖိတ်ခေါ်ရိုက်ကူးမှုမှာ အများဆုံး ဖြစ်ခဲ့သည်။“အစ်ကိုတို့ Myanmar Media 7 က ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတဲ့ နေရာမှာ အစ်ကိုတို့ အနေနဲ့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကား ဖြစ်ဖို့အပြင် မြန်မာ့ရုပ်ရှင် အဆင့်အတန်းပိုပြီး မြင့်မားစေဖို့လည်း ရည်ရွယ်ပါတယ်။ အဲဒီလို နိုင်ငံခြားက အနုပညာရှင်တွေ အတတ်ပညာရှင်တွေနဲ့ ပူးပေါင်းရိုက်ကူးတာက ရုပ်ရှင်အရည်အသွေးနဲ့ အဆင့်အတန်း ပိုမိုကောင်းမွန်ဖို့အပြင် ဈေးကွက်အနေအထားကိုပါ စမ်းသပ်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု Myanmar Media 7 မှ ကိုဝေမင်းမောင်က ဆိုသည်။“ဘယ်လို အချစ်မျိုးလဲ” ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံမှ အနုပညာရှင် အတတ်ပညာရှင်များဖြင့် ရိုက်ကူးပြီး ထိုင်းနိုင်ငံတွင် နေထိုင်သူ မြန်မာလူမျိုးက အဓိက အမျိုးသား ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် ယင်းဇာတ်ကား၏ မင်းသမီး ကရဗီသည် ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးသည့် 68 Plaza ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည်။ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးသည့် TT&Donut ဇာတ်ကားကိုလည်း ထိုင်းဒါရိုက်တာ Adsajun Sattagovit က ရိုက်ကူးကာ အကယ်ဒမီ ပြေတီဦးနှင့်အတူ ထိုင်းသရုပ်ဆောင်မင်းသမီး Chattarika Sittiprom၊ Suphawit Muongmee၊ Authairat Lohakarok တို့ ပါဝင်ထားသည်။ ထို့ပြင် ဒါရိုက်တာ ညိုမင်းလွင်ကလည်း ထိုင်းနိုင်ငံမှ မင်းသမီးနှင့်အတူ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးထားသည်ဟု သိရသည်။
ပြည်ပမှ အနုပညာရှင်များနှင့် မြန်မာအနုပညာရှင်များ အနုပညာ ပူးပေါင်းဖန်တီးမှုများ ပိုမိုများပြားလာခြင်း