သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကား အပါအဝင် အောင်မြင်သည့် ဇာတ်ကားများစွာကို ရိုက်ကူးပုံဖော်ခဲ့သည့် ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်ခြင်းအား ၂၀၁၅ ခုနှစ်အတွင်း ထင်ရှားသည့် အနုပညာရှင်တစ်ဦး ကွယ်လွန်ခြင်းအဖြစ် ရေးသား ဖော်ပြအပ်ပါသည်။ အကယ်ဒမီ မောင်တင်ဦးသည် သြဂုတ် ၂၄ ရက်တွင် မန္တလေးမြို့ရှိ နေအိမ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ အကယ်ဒမီ မောင်တင်ဦးသည် ကွယ်လွန်ချိန်တွင် အသက် (၇၅) ရှိပြီး အသည်းရောဂါ ဝေဒနာဖြင့် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သမီးသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦးသည် ကွယ်လွန်ခဲ့ပြီးဖြစ်သော သရုပ်ဆောင် အဆိုတော် ဇော်ဝမ်း၏ အစ်ကိုအရင်းလည်း ဖြစ်သည်။ဒါရိုက်တာ မောင်တင်ဦး၏ နာရေး အစီအစဉ်ကို သြဂုတ် ၂၇ ရက် ညနေ ၃ နာရီတွင် မန္တလေးမြို့၌ပင် မီးသင်္ဂြိုဟ်ခဲ့ကာ ရန်ကုန်မြို့မှ ဒါရိုက်တာ မောင်တင်ဦး၏ တပည့် အနုပညာရှင် အများအပြားက သွားရောက်ပို့ဆောင် ဂါရဝပြုခဲ့ကြကြောင်း သိရသည်။သရုပ်ဆောင် အကယ်ဒမီ မေသန်းနုက “မဆင့်တို့ သင်္ကြန်မိုး ဇာတ်ကားကို ပထမဆုံး စတင်ရိုက်ကူးခွင့်ရတော့ ပထမဆုံး ဆုံစည်းခွင့်ရတဲ့ ဆရာဒါရိုက်တာ တစ်ယောက်ပါ။ ပြောင်မြောက်တဲ့ အနုပညာ ဖန်တီးမှုများစွာ လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ယောက် ကွယ်လွန်သွားတာ ဖြစ်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုပါပဲ။ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဆိုသည်။ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦးသည် ၁၉၇၂ ခုနှစ်တွင် နေထွက်သောည ရုပ်ရှင်ဇာတ်ကား၊ ၁၉၇၈ ခုနှစ်တွင် တစ်ခါကတစ်ဘ၀ ရုပ်ရှင်ဇာတ်ကား၊ ၁၉၈၅ ခုနှစ်တွင် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၅ ခုနှစ်တွင် တိုက်ပွဲခေါ်သံ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်တွင် နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားများဖြင့် အကယ်ဒမီငါးဆု ဆွတ်ခူးရရှိထားပြီး “နေထွက်သောည”၊ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး”၊ “ဒဏ္ဍာရီ” စသည့် ရုပ်ရှင်ဇာတ်ကားကောင်း များစွာကို ရိုက်ကူးဖန်တီးခဲ့သူ ဖြစ်သည်။ ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦးသည် အောင်မြင်သည့် အနုပညာရှင် များစွာကိုလည်း မွေးထုတ်ပေးခဲ့သူ တစ်ဦးဖြစ်သည်။
သင်္ကြန်မိုး ဇာတ်ကား အပါအဝင် အောင်မြင်သည့် ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည့် ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်ခြင်း