နှစ် (၁၀၀) တိုင်ခဲ့ပြီဖြစ်သည့် မြန်မာ့ကာတွန်း

နှစ် (၁၀၀) တိုင်ခဲ့ပြီဖြစ်သည့် မြန်မာ့ကာတွန်း
Published 27 December 2015
လင်းလင်းခိုင်

၁၉၁၅ ခုနှစ်တွင် စတင် ပေါ်ပေါက်လာခဲ့သည့် မြန်မာ့ကာတွန်းသည် ယခု ၂၀၁၅ ပြည့်နှစ်တွင် နှစ် (၁၀၀) တိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာ့ကာတွန်းကို ပထမဆုံး ရေးဆွဲခဲ့သူမှာ ဦးဘကလေး (ကာတွန်း ရွှေတလေး) ဖြစ်ပြီး ကောလိပ် မဂ္ဂဇင်းတွင် အင်္ဂလိပ်ဘာသာဖြင့် စတင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ကောလိပ် ကျောင်းသားများ မြို့အုပ်ရူး ရူးနေကြပုံကို သရော်ကာ ရေးဖွဲ့ထားသည့် ကာတွန်းအား ပထမဆုံး ကာတွန်း လက်ရာအဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ကာတွန်း ရွှေတလေးမှ စတင် အသက်သွင်းခဲ့သည့် မြန်မာ့ကာတွန်းသည် ကာတွန်း ဦးဟိန်စွန်း၊ ကာတွန်း ဦးဘဂျမ်း၊ ဦးကျော်ဆန်း၊ ဦးဖေသိန်း၊ ဦးဘထွေး စသည့် ကာတွန်း ပညာရှင်ကြီးများ၏ လက်ဆင့်ကမ်း သယ်ဆောင်မှုဖြင့် ပိုမိုကျယ်ပြန့် လာခဲ့သည်။ မြန်မာ့ကာတွန်းသည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရာအတွက် အနုပညာ လက်နက် တစ်ခုအဖြစ် အသုံးဝင်ခဲ့သည်။ ထို့ပြင် ခေတ်အဆက်ဆက် သတင်းကာတွန်းများသည်လည်း ပြည်သူများ၏ ခံစားရသမျှ နစ်နာမှုများ၊ မပြေလည်မှုများ၊ အကျပ်အတည်းများအား ဖော်ထုတ် တင်ဆက်နိုင်သည့် ပြည်သူလူထု၏ ဟစ်တိုင်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ထို့အပြင် ကလေးများအတွက် နာခံပဲ့ပြင်သည့်၊ လိမ္မာယဉ်ကျေးစေသည့်၊ ရဲရင့်တည်ကြည်စေသည့် ရုပ်ပြကာတွန်းများနှင့် ကာတွန်း ဇာတ်ကောင်များစွာလည်း ပေါ်ထွက်လာခဲ့သည်။ ခေတ်အဆက်ဆက် ပေါ်ထွက်လာခဲ့သည့် မြန်မာ ကာတွန်း ဇာတ်ကောင်များသည် ကလေးများ၏ အတုယူစရာ သူရဲကောင်းများအဖြစ် ရပ်တည်ခဲ့သည်။ပြည်သူတို့၏ ဟစ်တိုင်တစ်ခုအဖြစ် ရပ်တည်ခဲ့သည့် သတင်းကာတွန်းများသည် ဖိနှိပ်ကန့်သတ်ခံရမှုများကြားတွင် မှေးမှိန်ပျောက်ကွယ် နေခဲ့ရာမှ ၂၀၀၉ ခုနှစ် ဝန်းကျင်ခန့်မှ စတင်ကာ အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် နေရာပေး ဖော်ပြပေးမှုများကြောင့် ပရိသတ်များနှင့် ပြန်လည် ထိတွေ့ခွင့် ရခဲ့သည်။ ထို့နောက်တွင် သတင်းကာတွန်းများ၏ အရှိန်အဟုန်မှာ ပိုမိုမြင့်တက်လာခဲ့ကာ မျိုးဆက်သစ် သတင်းကာတွန်း ရေးဆွဲသူ အနုပညာရှင် များစွာလည်း ထွက်ပေါ်လာခဲ့သည်။ လက်ရှိတွင် နေ့စဉ်ထုတ် သတင်းစာများနှင့် အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ပြည်သူများကြားမှ အခြေအနေ အဖြစ်အပျက်များအား ထင်ဟပ်ပုံဖော်ထားသည့် သတင်းကာတွန်း များစွာအား ဖတ်ရှုရလျက်ရှိသည်။ကလေးငယ်များ၏ သူရဲကောင်းများအဖြစ် တစ်ချိန်တစ်ခါက နေရာယူခဲ့သော ရုပ်ပြကာတွန်းများနှင့် ကာတွန်း ဇာတ်ကောင်များမှာမူ အစားထိုး ဝင်ရောက်လာသည့်  နိုင်ငံခြား ကာတွန်းဇာတ်ကောင်များနှင့် နည်းပညာ တိုးတက်မှုများကြားတွင် မှေးမှိန်ပျောက်ကွယ်စ ပြုနေပြီ ဖြစ်သည်။ ရုပ်ပြကာတွန်း ဖတ်ရှုသည့် အလေ့အထအစား နိုင်ငံခြား ကာတွန်းဇာတ်ကား ကြည့်ရှုခြင်းနှင့် ဂိမ်းကစားခြင်းများက အစားထိုး ဝင်ရောက်လာခဲ့သည်။ ယင်းအတွက် လက်ရှိတွင် ရုပ်ပြကာတွန်း ဈေးကွက်မှာ မှေးမှိန်ပျောက်ကွယ်လျက် ရှိနေပြီး ရုပ်ပြကာတွန်း ရေးဆွဲသူများမှာလည်း နိုင်ငံခြား ရုပ်ပြကာတွန်း စာအုပ်များတွင်သာ ပါဝင်ရေးဆွဲရမှု များပြားလျက်ရှိသည်။                         

Most Read

Most Recent