နေပြည်တော်ရှိ ဝန်ကြီးတစ်ဦးနှင့် ဆက်သွယ်ပြီး မြေကွက် ဝယ်ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၃၆၀၀ လိမ်လည်မှုတစ်ခု ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇွန်လက ဗိုလ်တထောင် လမ်းသွယ် (၃)လမ်း၊ အမှတ် ၄ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် ဒေါ်...(၄၇) နှစ်က ၎င်း၏ ယာဉ်မောင်းဖြစ်သူ ကို...(၃၀)နှစ်က နေပြည်တော်ရှိ ဝန်ကြီးနှင့် ဆက်သွယ်ပြီး ပုဇွန်တောင်မြို့နယ်ရှိ လျှပ်စစ်ရုံးဝင်း မြေအား ဝယ်ယူပေးမည်ဟု ယုံကြည်အောင် ပြောဆိုခဲ့ကြောင်း၊ ထို့သို့ ပြောဆိုသဖြင့် ဒေါ်... (၄၇)နှစ်မှာ ငွေကျပ် သိန်း ၃၆၀၀ အား စာချုပ်စာတမ်း ချုပ်ဆိုခြင်း မပြုလုပ်ဘဲ ကို...(၃၀)နှစ်အား ပေးခဲ့ကြောင်း သိရသည်။
ငွေကျပ်သိန်း ၃၆၀၀ ပေးပြီးနောက် ဒေါ်...(၄၇)နှစ်မှာ မြေကွက် မရရှိသဖြင့် နေပြည်တော်သို့ သွားရောက် စုံစမ်းရာ ကို...(၃၀)နှစ်မှာ မည်သည့် မြေကွက်မျှ လျှောက်ထားခြင်း မရှိသည့်အပြင် ပေးအပ်ထားသည့် ငွေများအား ကိုယ်ကျိုးအတွက် အသုံးပြုထားကြောင်း သိရသဖြင့် ဒေါ်...(၄၇)နှစ်က ငွေများအား ပြန်လည် တောင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ငွေပြန်တောင်းသဖြင့် ကို...(၃၀)နှစ်မှာ ငွေကျပ်သိန်း ၃၀၀၀ နှင့် ငွေကျပ်သိန်း ၆၀၀ တို့ ရေးထားသည့် ကမ္ဘောဇဘဏ်မှ ချက်လက်မှတ် နှစ်စောင်အား ပေးခဲ့ကြောင်း၊ ယင်းချက်လက်မှတ် နှစ်စောင်အား ဒေါ်...(၄၇)နှစ်က သွားရောက် ထုတ်ယူရာတွင် ဘဏ်စာရင်းတွင် ငွေမရှိ၍ ထုတ်၍ မရကြောင်း သိရ သည်။
“ဒီလိမ်လည်မှုမှာ ငွေလိမ်သွားတဲ့သူကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်တထောင် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မြေကွက် ဝယ်ပေးမည်ဟု ပြောဆိုပြီး ပေးအပ်ထားသည့် ငွေကျပ်သိန်း ၃၆၀၀ အား လိမ်လည်ခဲ့သည့်အပြင် ငွေထုတ်မရသည့် ချက်လက်မှတ်နှစ်စောင်အား ထပ်မံလိမ်လည် ပေးအပ်ခဲ့သည့် ကို...(၃၀)နှစ်အား ဒေါ်....(၄၇)နှစ်က တရားလို ပြုလုပ်ပြီ ဗိုလ်တထောင် မြို့မရဲစခန်းသို့ ဒီဇင်ဘာ ၆ ရက်တွင် သွားရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။
လိမ်လည်သွားသူ ကို...(၃၀)နှစ်အား ဗိုလ်တထောင် မြို့မရဲစခန်းက မမစ (ဗိုလ်တထောင်) (ပ) ၁၉၈/၂၀၁၅၊ ပြစ်မှုပုဒ်မ - ၄၀၈ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ရှိ ဝန်ကြီးတစ်ဦးနှင့် ဆက်သွယ်ပြီး မြေကွက် ဝယ်ပေးမည်ဟုဆိုကာ ကျပ်သိန်း ၃၆၀၀ လိမ်လည်မှု ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွား