မော်လမြိုင်မြို့မှ အသက်သုံးနှစ်နှင့် ရှစ်လအရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်သည်ဟုဆိုကာ တရားစွဲခံထားရသူကို ထောင်ဆေးရုံမှ ထောက်ခံချက်အရ အာမခံပေးရခြင်းဖြစ်ကြောင်း မြို့နယ် တရားသူကြီး ဦးသန်းအောင် ပြောကြား

မော်လမြိုင်မြို့မှ အသက်သုံးနှစ်နှင့် ရှစ်လအရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်သည်ဟုဆိုကာ တရားစွဲခံထားရသူကို ထောင်ဆေးရုံမှ ထောက်ခံချက်အရ အာမခံပေးရခြင်းဖြစ်ကြောင်း မြို့နယ် တရားသူကြီး ဦးသန်းအောင် ပြောကြား
Published 7 December 2015

 မော်လမြိုင်မြို့မှ အသက်သုံးနှစ်နှင့် ရှစ်လအရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်သည်ဟုဆိုကာ တရားစွဲခံထားရသူကို အာမခံပေးခဲ့ခြင်းမှာ အကျဉ်းထောင် ဆေးရုံ၏ ထောက်ခံချက်အရ ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် တရားသူကြီး ဦးသန်းအောင်က ဖြေကြားသည်။ဇူလိုင် ၁၆ ရက်က စတင်ပြီး မော်လမြိုင်မြို့နယ် တရားရုံးတွင် စစ်ဆေးနေသည့် ပြစ်မှုကြီးအမှတ် ၃၁၄၇/ပုဒ်မ-၃၇၆/၅၁၁ မှ တရားစွဲခံထားရသူ ဦးမျိုးမြင့် အသက် ၇၀ နှစ်အား ပြစ်မှုကျင့်ထုံး ပုဒ်မ-၄၉၇(၁) အရ အကျဉ်းထောင်ဆေးရုံ တာဝန်ခံ ဆရာဝန်ကြီး၏ ထောက်ခံချက်နှင့် ငွေကျပ်သိန်း (၅၀)တန် ခံဝန်နှစ်ဦးဖြင့် ပြင်ပတွင် လွတ်လပ်စွာ ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် အချုပ်လွတ် ထုချေခွင့် အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်က Eleven Media Group မှ စာဖြင့် ရေးသားမေးမြန်းမှုအား စာဖြင့် ပြန်လည် အကြောင်းပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။မည်သည့် အကြောင်းကြောင့် အာမခံ ပေးပါသလဲဟု မေးမြန်းချက်အား မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်က တရားခံမှာ ထောင်ဆေးစာ ပူးတွဲပါရှိပြီး ရုံးရှေ့သို့ ရဲနှစ်ဦးမှ တွဲ၍ တင်ပို့နေရခြင်း၊ ခြေထောက်များမှာလည်း ဖောရောင်နေခြင်းတို့ကြောင့် ပြင်ပတွင် လွတ်လပ်စွာ ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် ပြစ်မှု ကျင့်ထုံးပုဒ်မ-၄၉၇(၁) အရ ငွေကျပ် သိန်း (၅၀)တန် ခံဝန်သူနှစ်ဦးဖြင့် အချုပ်လွတ် ထုချေခွင့်ပြုခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။ထို့အပြင် ဆေးစာကို အကြောင်းပြု၍ မည်သည့်အဆင့် ဆရာဝန် ဆေးစာဖြင့် အာမခံပေးပါသလဲဟု မေးမြန်းချက်အား မြို့နယ်တရားသူကြီး ဦးသန်းအောင်မှ တရားခံက အာမခံ လျှောက်လွှာနှင့် ပူးတွဲတင်ပြသော အကျဉ်းထောင်ဆေးရုံ ထောက်ခံချက်နှင့် ရုံးရှေ့မြင်တွေ့ချက်တို့အရ ထည့်သွင်းစဉ်းစားပြီး ပြစ်မှုကျင့်ထုံး ပုဒ်မ-၄၉၇(၁) အရ အာမခံပေးခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။“အမှုစစ်ဆေးဆဲ ကာလဖြစ်တဲ့ ဇူလိုင် ၂၉ ရက်က စွပ်စွဲခံရသူ ဦးမျိုးမြင့်ကို တရားရုံးက အာမခံပေးလိုက်တာ ဖြစ်ပါတယ်။ တရားရုံးမှာ ရုံးချိန်း ၁၅ ချိန်းလောက် ရှိပြီ။ အခုထိကို စွဲချက်တင်ဖို့ အမိန့် မချသေးဘူး။ အမှုကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် စစ်ဆေးဆောင်ရွက်ပေးစေချင်ပါတယ်” ဟု အဆိုပါ အဓမ္မပြုကျင့်ရင် ကြံစည်ခံရသူ မိန်းကလေးငယ်၏ မိသားစုဝင်ဖြစ်သူ ဦးငွေဘော်မှ ပြောကြားသည်။ယခုအမှုကို စစ်ဆေးနေသည့် မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်မှာ ဗြိတိသျှ ကိုလိုနီခေတ်မှ အစိုးရအဆက်ဆက် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ပုဒ်မ ၅၀၀ (အသရေဖျက်ပုဒ်မ) ဖြင့် ပြစ်ဒဏ်ချမှတ်မှုများတွင် ပထမဆုံး ထောင်ဒဏ်ချမှတ်မှုအဖြစ် မြန်မာပို့စ်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးသန်းထိုက်သူနှင့် ဦးဆန်းမိုးထွန်းတို့အား ထောင်ဒဏ် နှစ်လ ကျခံစေရန် ၂၀၁၄ ခုနှစ် မတ် ၁၈ က အမိန့်ချမှတ်ခဲ့သူဖြစ်သည်။ဗြိတိသျှ ကိုလိုနီခေတ်ကတည်းက ရေးဆွဲခဲ့သော (နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိပြီ ဖြစ်သည်) ရာဇသတ်ကြီး ပုဒ်မ ၅၀ဝ တွင် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ စသည်ဖြင့် ချမှတ်ရန် ပြဋ္ဌာန်းထားသော်လည်း ထိုပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်မှုမှာ ဗြိတိသျှကို လိုနီခေတ်မှာပင် မရှိသလောက် နည်းပါးခဲ့ကြောင်း၊ ထို့နောက် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပါလီမန် ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီ အစိုးရ၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်နှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း အစိုးရ လက်ထက်များတွင်လည်း ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုမှုများကို ငွေဒဏ်ဖြင့်သာ ပြီးဆုံးလေ့ရှိပြီး ထိုပုဒ်မဖြင့် ထောင်ချခံရသူ ဂျာနယ်လစ်များလည်း မရှိခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေများ၏ ပြောကြားချက်များအရ သိရသည်။ ထို့အတွက် ပုဒ်မ ၅၀ဝ ဖြင့် ဂျာနယ်လစ်အား ထောင်ဒဏ်ချမှတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး တရားသူကြီး ဦးသန်းအောင်မှ ချမှတ်ခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာ ၁၅ ရက်တွင် မိန်းကလေးငယ်အား အဓမ္မကျင့်သည်ဟုဆိုကာ တရားစွဲဆိုထားမှုအား ဆက်လက်စစ်ဆေး ဆောင်ရွက်နိုင်ရန် မော်လမြိုင်မြို့နယ် တရားရုံးတွင် ရုံးချိန်းရှိကြောင်း သိရသည်။

Most Read

Most Recent