တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အိမ်တွင် နှိပ်စက်ခံရသော အသက် ၈ နှစ်အရွယ် မိန်းကလေးအမှု ရဲတပ်ဖွဲ့မှ တင်ပြသည့် ဆေးစာ မပြည့်စုံသေးခြင်းနှင့် လူတချို့ကို စစ်ဆေးရန် ကျန်ရှိသေးသောကြောင့် ဗဟန်းတရားရုံးတွင် မစစ်ဖြစ်သေး

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အိမ်တွင် နှိပ်စက်ခံရသော အသက် ၈ နှစ်အရွယ် မိန်းကလေးအမှု ရဲတပ်ဖွဲ့မှ တင်ပြသည့် ဆေးစာ မပြည့်စုံသေးခြင်းနှင့် လူတချို့ကို စစ်ဆေးရန် ကျန်ရှိသေးသောကြောင့် ဗဟန်းတရားရုံးတွင် မစစ်ဖြစ်သေး
Published 7 December 2015
ဝေလင်းအောင်

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် နေအိမ်တွင် နှိပ်စက်ခံရသော အသက် ၈ နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဗဟန်းမြို့နယ် တရားရုံးသို့ ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် အစီရင်ခံစာ တင်ပြခဲ့သည်။အဆိုပါ အသက် ၈ နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ ရဲအရာရှိက တင်ပြသည့် ရန်ကုန် ပြည်သူ့ဆေးရုံ ဆေးစာမှ ကနဦး ဆေးစာဖြစ်၍ ဒီဇင်ဘာ ၂၁ ရက်တွင် ဆေးစာထင်မြင်ချက် အပြည့်အစုံ တင်ရန်နှင့် စစ်ဆေးရန် ကျန်ရှိသူ အချို့ကို ဆက်လက် စစ်ဆေး၍ တရားရုံးသို့ တင်ပြရန် ဗဟန်းမြို့နယ် တရားသူကြီးက ညွှန်ကြားခဲ့သည်။ယင်းအကြောင်းအရင်းများ ပြည့်စုံမှသာ ဗဟန်း တရားရုံးတွင် အမှုကို စတင် စစ်ဆေးမည်ဖြစ်ကာ ဒီဇင်ဘာ ၇ ရက် ရုံးချိန်းတွင် တရားရုံးသို့ တရားလိုသာ လာရောက်ခဲ့ပြီး စွပ်စွဲခံရသူမှာ လာရောက်ခဲ့ခြင်း မရှိသည်ကို သိရှိရသည်။ပြီးခဲ့သည့်နိုဝင်ဘာ ၁၈ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် 25 (C-4) နေအိမ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးသည် ထမင်းအိုး အတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာ အတွင်းသို့ ဝင်နေပြီး တံခါးချက်ချ ပိတ်ထားခဲ့ခြင်းကြောင့် အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြူတင်းပေါက်မှ ဝင်ရောက်ကာ အသက် ၈ နှစ်အရွယ် မိန်းကလေးအား ခေါ်ထုတ်၍ ရိုက်နှက် ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အားထိုင်ခုံနှင့် ကြိုးချည်ထားခဲ့သည်။ထို့အပြင် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့် အနေဖြင့် အသက် ၈ နှစ်အရွယ် မိန်းကလေးအား ၎င်းနှင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ် အရှေ့၌ အဝတ်မပါဘဲ ကြိုးတုတ်၍ ထားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခံခဲ့ခြင်း၊ ကြိုးဖြင့် တုတ်ခံခဲ့ရခြင်း၊ နေပူထဲတွင် ထားရှိခြင်း ခံခဲ့ရသောကြောင့် ၎င်း၏ မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့် လက်ခုံ၊ ရင်ဘတ်၊ ကျောပြင်နှင့် ဝဲ/ယာပေါင်တို့တွင် ပွန်းခြစ် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။  အဆိုပါ မိန်းကလေး နှိပ်စက်ခံခဲ့ရသည့် ဓာတ်ပုံမှာ အင်တာနက်နှင့် အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး လူအများက ယင်းသို့ ပြုလုပ်သူအား ဝေဖန် ရှုံ့ချမှုများ ပြုလုပ်ခဲ့ကြသည်။နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးအား ၎င်း၏ မိဘထံမှ  ဗိုလ်မှူး ကျော်နုမော်တို့ မိသားစုက လွန်ခဲ့သော နှစ်လက စတင်၍ အမွေစား အမွေခံဖြင့် မဟုတ်ဘဲ မွေးစားခဲ့ပြီး လူမှုရေးအရ မစုဝေ၏ မိဘထံ ငွေကျပ် ဆယ်သိန်း ထောက်ပံ့ခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။နှိပ်စက် ခံရသော မိန်းကလေး၏ ဖခင်မှာ တနသာၤရီတိုင်း ဒေသကြီးရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း (၉၁၈) မှ တပ်သားတစ်ဦး ဖြစ်ကြောင်း ထပ်မံသိရှိရသည်။အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အိမ်အကူ ဒေါ်သန်းနွဲ့အား ဗဟန်းမြို့ မရဲစခန်းမှ ကလေးသူငယ် ဥပဒေပုဒ်မ-၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။    

Most Read

Most Recent