ရှမ်းပြည်နယ်၊ ပင်လောင်းမှော်ဘီသွား ကားလမ်းတွင် စသုံးလုံး အရာရှိ တစ်ဦးအား ဘိန်းညို ဆာလာအိတ် ၃၀ နှင့် လက်နက် သယ်ဆောင်မှုဖြင့် ဖမ်းဆီးပြီးနောက် ကွင်းဆက် အနေဖြင့် အရပ်သား နှစ်ယောက်အား ထပ်မံ ဖမ်းဆီး စစ်ဆေးနေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်က ဒီဇင်ဘာ ၄ ရက်က ပြောကြားသည်။ထို့ပြင် စသုံးလုံး အရာရှိနှင့် ဆက်စပ်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက် ဖမ်းဆီးရမိမှုများကြောင့် ရှမ်းပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) အတွင်း နေရာပြောင်းရွှေ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။“ကွင်းဆက် အနေနဲ့ ကျွန်တော်တို့ အရပ်သား နှစ်ယောက် ထပ်ရတယ်။ ဖြစ်ပြီး နှစ်ရက်လောက် အကြာမှာ ထပ်ပြီး ဖမ်းဆီး ရမိတာပါ။ ရန်ကုန်မှာ တစ်ယောက်ရယ်၊ တောင်ကြီးမှာ တစ်ယောက်ရယ် ဖြစ်တယ်။ ရန်ကုန်မှာကတော့ သင်္ဃန်းကျွန်း မြို့နယ်မှာ ပုန်းနေတာကို ဖမ်းမိတာ ဖြစ်ပါတယ်။ စသုံးလုံး အရာရှိနဲ့ ပတ်သက်ပြီးတော့ ဖမ်းမိတာ မဟုတ်ဘူး။ သူမောင်းတဲ့ ကားပေါ်မှာ ပါလာတဲ့ ဦးမောင်မောင်ဆိုတဲ့ သူကတစ်ဆင့် မိတာ။ စသုံးလုံး အရာရှိက ကားမောင်းခိုင်းလို့ လိုက်မောင်းပေးတာ ဖြစ်တယ်။ ဘေးကပါတဲ့ ဦးမောင်မောင်က အဓိကပါ” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်က ဒီဇင်ဘာ ၄ ရက်၊ ညနေ ၄ နာရီခန့်က ပြောကြားသည်။မူးယစ်တပ်ဖွဲ့စု (၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၁ ရက်က ပင်လောင်း-မှော်ဘီသွား ကားလမ်း မိုင်တိုင် အမှတ် ၄၂/၃ အနီးတွင် ပင်လောင်းဘက်မှ မှော်ဘီဘက်သို့ သူရဝင်း မောင်းနှင်ပြီး မောင်မောင် လိုက်ပါလာသည့် ယာဉ်အမှတ် SHN 2D/.... SURF မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းညိုမှုန့် ၄၈၂ ကီလို (တန်ဖိုးငွေကျပ် သိန်း ၄၈၂၀၀)၊ မြန်မာငွေကျပ် သိန်း ၂၀ ၊ ပွိုင့် ၂၂ ပစ္စတို သေနတ်တစ်လက်၊ ကျည်အိမ် တစ်ခုနှင့် ၎င်းကျည် ၁၃ တောင့်တို့ကို သိမ်းဆည်း ရမိသည်ဟု နိုဝင်ဘာ ၂၃ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ကြေးမုံ သတင်းစာတွင် ဖော်ပြထားသော သူရဝင်း ဆိုသူမှာ ရှမ်းပြည်နယ် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းစစ်ဆေးရးမှူး ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ယင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ အရာရှိ အများအပြားအား တခြားဒေသများသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခြင်း ပြုလုပ်လျက်ရှိပြီး စုစုပေါင်း အရာရှိ ၃၀ ခန့်အား နေရာပြောင်းရွှေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်း သိရသည်။“ကွင်းဆက်တွေကိုမိဖို့ အမှုစစ် အဖွဲ့တွေ သုံးဖွဲလောက်ဖွဲ့ပြီး စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ နောက်ထပ် ပူးပေါင်း ပါဝင်သူတွေလည်း ရှိနိုင်ပါတယ်။ အရင်တုန်းက ခင်မှုတွေနဲ့ သူတို့ပေါင်းစပ်တာ ဖြစ်ပါလိမ့်မယ်။ ဟိုးအရင်တုန်း ကတည်းက စသုံးလုံးထဲ မဝင်ခင် ကတည်းက ပေါင်းစပ်မှုတွေရှိတာ ဖြစ်ပါလိမ့်မယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်က ပြောကြားသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးမောင်မောင် နေထိုင်သော ရှမ်းပြည်နယ် အေးသာယာမြို့ အမှတ် (၈) ရပ်ကွက် နယ်မြေ ( ၅- က) သဇင်လမ်းရှိ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ရာ ဇနီးဖြစ်သူ နန်းမြစိန်ခလီရှောက်ကျန်အား တွေ့ရှိပြီး အိပ်ခန်းအတွင်းမှ အိုက်စ်အမည်ရှိ မူးယစ်ဆေးဝါး အလေးချိန် ၄၅၀ ကီလို (တန်ဖိုး ငွေကျပ် သိန်း ၁၁၂၅ ၀၀) အား လည်းကောင်း၊ ကားဂိုဒေါင် အတွင်းရှိ ပါဂျဲရိုး မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၁၀၀ နှင့် ကျည်ဆံများအား လည်းကောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် ထရပ် မော်တော်ယာဉ် တစ်စီးအား လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း ဆက်လက် သိရသည်။ထပ်မံ၍ ကွင်းဆက်များအရ တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက်နေ စိုင်းသိန်းအောင် (ခ) စိုင်းဆမ်၊ စိုင်းလှအောင်တို့အား ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် မော်တော်ယာဉ်များ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် စသုံးလုံး အရာရှိတစ်ဦးအား ဘိန်းညို ဆာလာအိတ် ၃၀ နှင့် လက်နက် သယ်ဆောင်မှုဖြင့် ဖမ်းဆီးပြီးနောက် ကွင်းဆက် အနေဖြင့် အရပ်သားနှစ်ဦးကို ထပ်မံဖမ်းဆီး စစ်ဆေးနေကာ ရှမ်းပြည်နယ်မှ စသုံးလုံး အရာရှိ အများအပြားအား နေရာပြောင်းရွှေ့