ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရပြီး ကိုးလကျော်ကြာ ဖမ်းဆီးခံထားရသော အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူနှစ်ဦးအား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရပြီး ကိုးလကျော်ကြာ ဖမ်းဆီးခံထားရသော အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူနှစ်ဦးအား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်
Published 3 December 2015
မြင့်သူ

အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒပြရာတွင် အလုပ်သမားများဘက်မှ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့သဖြင့် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ခံထားရပြီး အင်းစိန် အကျဉ်းထောင်တွင် ၉ လကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့အား ဒီဇင်ဘာ ၃ ရက်က ရန်ကင်း မြို့နယ် တရားရုံးတွင် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းနေ့ ရုံးချိန်းတွင် ရန်ကင်းမြို့နယ် တရားသူကြီးမှ တရားလိုပြ သက်သေတစ်ဦးဖြစ်သော ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးအား တရားရုံးသို့ ပြန်လည် ဆင့်ခေါ်ခဲ့ပြီး အမှုနှင့် ပတ်သက်၍မရှင်းလင်းသည့် အချက်အလက်များကို ပြန်လည် မေးမြန်းခဲ့ကြောင်း သိရသည်။ယင်းနောက် ရန်ကင်းမြို့နယ် တရားသူကြီးက အမှုအတွက် အပြီးသတ် အမိန့်ချမှတ်ရန် ဒီဇင်ဘာ ၁၇ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။“ဒီနေ့ရုံးချိန်းမှာ တရားရုံးက နေပြီးတော့ တရားလိုပြ သက်သေ တစ်ဦးဖြစ်တဲ့ ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ခေါ်ပြီးတော့ မရှင်းတဲ့ အချက်အလက်တွေကို ရုံးမေးအနေနဲ့ ခေါ်ပြီးတော့ မေးတယ်။ ပြန်မေးတဲ့ အခါမှာ သူ့အနေနဲ့ကတော့ သူသိတဲ့အကြောင်း တွေကိုပဲ ပြန်ပြီးတော့ ထွက်ဆိုသွားရတာပေါ့။ သူက ဘာမှ သေချာမသိဘူး။ တစ်ဆင့် ကြားစကားတွေအရ သူ့ရဲ့ထင်မြင်ချက်တွေကိုပဲ ပြောသွား ထွက်ဆိုသွားတာပါ၊ တရားသူကြီးက ဒီဇင်ဘာ ၁၇ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းပေးပြီးတော့ အဲဒီနေ့မှာ အပြီးသတ် အမိန့်ချမှတ် သွားမှာပါ” ဟု ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့၏ ရှေ့နေ ဦးနေလင်းအောင်က ဒီဇင်ဘာ ၃ ရက် ရုံးချိန်းအပြီးတွင် ပြောကြားခဲ့သည်။အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ရွှေပြည်သာမြို့နယ်ရှိ စက်ရုံသုံးရုံမှ အလုပ်သမား တစ်ထောင်ကျော် ပူးပေါင်းပြီး သပိတ်စခန်းဖွင့် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ လေးဦးကို ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ၎င်းတို့အနက် ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့အား  ရန်ကင်း တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ သြဂုတ် ၆ ရက်နေ့ ရုံးချိန်းတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက် အမိန့်ချခဲ့ကြောင်း၊ လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ် အမိန့် ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။      

Most Read

Most Recent