ပြစ်မှုပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅ (ခ)၊ ငြိမ်းစုစီ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲ ဖမ်းဆီးခံထားရသော ဗကသ ကျောင်းသား ခေါင်းဆောင်များကို ကမာရွတ် တရားရုံးတွင် ယနေ့ ရုံးထုတ်မည်

ပြစ်မှုပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅ (ခ)၊ ငြိမ်းစုစီ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲ ဖမ်းဆီးခံထားရသော ဗကသ ကျောင်းသား ခေါင်းဆောင်များကို ကမာရွတ် တရားရုံးတွင် ယနေ့ ရုံးထုတ်မည်
Published 3 December 2015
သက်မင်း

ပြစ်မှုပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ)၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ တို့ဖြင့် တရားစွဲ ဖမ်းဆီးခံထားရသော ဗကသ ကျောင်းသား ခေါင်းဆောင်များကို ကမာရွတ်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၄ ရက် (ယနေ့) တွင် ရုံးထုတ် စစ်ဆေးမည်ဟု သိရသည်။နိုဝင်ဘာ ၂၇ ရက်က ဗကသ ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင် (ခ) ဂျိမ်း(စ်)၊ ကိုနန္ဒာစစ်အောင်နှင့် ဗကသ ကျောင်းသူ မပိုပို၊ မဝင်းကျော့မှူးတို့ကို ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့က ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်မှုအတွက် လှည်းတန်းတွင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသဖြင့် ငြိမ်းးစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသော အမှုအတွက် တရားလိုဖြစ်သူ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကို နှစ်ဖက် အပြန်အလှန် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ထို့ပြင် နိုဝင်ဘာလအတွင်းက ခေါ်ဆိုသော ရုံးချိန်းတစ်ခုတွင် မင်္ဂလာတောင်ညွန့် ရဲစခန်းက ထပ်မံ၍ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ရန်  ဗကသ ကျောင်းသား ခေါင်းဆောင်များကို လာရောက် မေးမြန်းသွားသည်ဟုလည်း ကျောင်းသားများ၏ ရှေ့နေများထဲမှ တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။“နိုဝင်ဘာလတုန်းက ရုံးချိန်းတစ်ခုမှာ ကမာရွတ်က တရားစွဲထားတဲ့ ဒီအမှုတွေတင် မကဘဲ မင်္ဂလာတောင်ညွန့် ရဲစခန်းကပါ  ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ နဲ့ အမှုဖွင့်ဖို့ကို ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုကို လာမေးသွားတယ်လို့ သိရတယ်။ ဘယ်နေ့က ဆန္ဒပြခဲ့လို့ တရားစွဲတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ တရားရုံးကို မရောက်သေးတဲ့အတွက် ကျွန်တော်လည်း မသိရသေးဘူး” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ထို့ပြင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ရန်ကုန် တက္ကသိုလ်အတွင်း ဝင်ရောက်ပြီး ဗိုလ်အောင်ကျော်ကျောက်တိုင်ကို ဝင်ရောက် အလေးပြုခဲ့မှုကိုလည်း ယခုနှစ်နိုဝင်ဘာလ အတွင်းတွင်မှ ရန်ကုန် တက္ကသိုလ် စီမံရေးရာအဖွဲ့က တရားလိုပြုလုပ်ပြီး ပိုင်နက်ကျူးကျော်မှုဖြင့် ထပ်မံ တရားစွဲဆိုထားသည်။ ဗကသ၊ တကသ၊ ဗကသ (မြေလတ်) ကျောင်းသားများဖြင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီအဖြစ် ဖွဲ့စည်းခဲ့ကာလှုပ်ရှားဆောင်ရွက်ခြင်း ဖြစ်သော်လည်း ထိုအမှုတွင် တရားစွဲဆိုရာ၌မှု ဗကသ ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုနန္ဒာစစ်အောင်တို့ကိုသာ တရားစွဲဆို ခဲ့သည်ကို တွေ့ရသည်။    ယင်းကဲ့သို့ ကျောင်းသားများကို ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲ ဖမ်းဆီးမှုမှာ အစိုးရဘက်က လေးပွင့်ဆိုင် ကတိကဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် မီးလောင်နေသော နေရာကို  လောင်စာ ထပ်ဖြည့်သည့် သဘောဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ရုံးထုတ်စဉ်တွင် မီဒီယာများသို့ ပြောကြားထားသည်။                             

Most Read

Most Recent