တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှု ဗဟန်းတရားရုံး၌ ဒီဇင်ဘာ ၇ ရက်တွင် စစ်ဆေးမည်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှု ဗဟန်းတရားရုံး၌ ဒီဇင်ဘာ ၇ ရက်တွင် စစ်ဆေးမည်
Published 30 November 2015
ကြည်နိုင်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှု ဗဟန်းတရားရုံး၌ ဒီဇင်ဘာ ၇ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ပြောကြားသည်။“ဘယ်သူ့ကို စစ်မှာလဲဆိုတာ တရားသူကြီးရဲ့ သဘောပါ။ အဲဒီ ၇ ရက်ကိုတော့ တရားသူကြီးက ချိန်းထားတယ်” ဟု ရဲမှူး ခင်မောင်ကြည်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် ၂၅ (ဃ-၄) နေအိမ်တွင် နိုဝင်ဘာ ၁၈ ရက်က အသက် ရှစ်နှစ်အရွယ် မ. . . သည် ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ဝင်နေပြီး တံခါးချက်ချ ပိတ်ထားခဲ့ကြောင်း၊ အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြူတင်းပေါက်မှ ဝင်ရောက်ကာ မ. . . အား ခေါ်ထုတ်ခဲ့ရသဖြင့် ဒေါ်သန်းနွဲ့က ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အား ထိုင်ခုံနှင့် ကြိုးချည်ထားခဲ့ကြောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့် အနေဖြင့် မစုဝေအား ၎င်းနှင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်ရှေ့၌ အဝတ်မပါဘဲ ကြိုးတုပ်၍ ထားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ယင်းကဲ့သို့ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခြင်း၊ ကြိုးဖြင့်တုပ်ခြင်း၊ နေပူထဲတွင် ထားရှိခြင်းများကြောင့် မ. . . ၏ မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့် လက်ခုံ၊ ရင်ဘတ်၊ ကျောပြင်နှင့် ဝဲ/ယာပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။  အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အိမ်အကူ ဒေါ်သန်းနွဲ့အား အမှုဖွင့် တရားစွဲဆိုထားပြီး နောက်ထပ်မည်သူ့အား တရားစွဲဆိုရန်မှာ စစ်ဆေးပေါ်ပေါက်ချက်များအပေါ် မူတည်ကြောင်း၊ မစုေ၀ နှိပ်စက်ခံရသည်ကို စတင်မြင်တွေ့၍ ဓာတ်ပုံရိုက်ကူးခဲ့သော ကိုစည်သူကိုလည်း စခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။ဗိုလ်မှူး ကျော်နုမော်၏ ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ဝင်များ လာရောက်မေးမြန်းစဉ်က အိမ်အကူ ဒေါ်သန်းနွဲ့နှင့် မစုဝေတို့သည် တူးဝရီးတော်စပ်ကြောင်း ပြောဆိုခဲ့ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်မူ မ . . . အား ဗိုလ်မှူး ကျော်နုမော်တို့ မိသားစုက မွေးစားထားခြင်းဖြစ်ပြီး ဒေါ်သန်းနွဲ့နှင့် မစုဝေတို့ ဆွေမျိုးတော်စပ်ခြင်း မရှိကြောင်း သိရသည်။မ. . . အား ၎င်း၏ မိဘထံမှ ဗိုလ်မှူး ကျော်နုမော်တို့ မိသားစုက လွန်ခဲ့သော နှစ်လခန့်က အမွေစား အမွေခံဖြင့် မဟုတ်ဘဲ မွေးစားခဲ့ပြီး လူမှုရေးအရ မစုဝေ၏ မိဘထံ ငွေကျပ် ၁၀ သိန်း ထောက်ပံ့ခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။နှိပ်စက်ခံရသော မိန်းကလေး၏ ဖခင်မှာ တနင်္သာရီတိုင်းဒေသကြီးရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၈) မှ တပ်သားတစ်ဦးဖြစ်ကြောင်း ထပ်မံသိရသည်။အိမ်အကူ ဒေါ်သန်းနွဲ့အား ဗဟန်းမြို့မ ရဲစခန်းမှ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။     

Most Read

Most Recent