မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် ကြိုးတံတား အဆင်းရှိ နေအိမ်များ နိုဝင်ဘာ ၂၉ ရက် နံနက် ၁ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။မီးလောင်ကျွမ်းမှုကြောင့် အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ခုနစ်လုံးနှင့် တစ်ဝက် မီးလောင် ပျက်စီးခဲ့သည်။“မီး..မီး...လို့ အသံကြားတော့ မီးတောက်က အိမ်ခေါင်မိုးကို ရောက်နေပြီ။ ကျွန်တော့်အိမ်က စလောင်တဲ့ အိမ်ရဲ့ ခေါင်းရင်းက။ အဲဒါနဲ့ မီးမကူးအောင်လို့ အိမ်မှာ ကာထားတဲ့ ကျောက်ပြားတွေကို ရိုက်ခွဲပြီး ရေတွေနဲ့ အသည်းအသန် ပက်ရတယ်။ အဲဒါနဲ့ မီးက ကျွန်တော့်အိမ်ဘက်ကို မကူးတော့ဘဲ ခြေရင်းဘက်အိမ်တွေကို ကူးပြီး ဆက်တိုက်လောင်တယ်။ မီးသတ်ကားတွေ မလာခင် အထိကို ရပ်ကွက်ထဲက လူတွေအကုန် ရေတွေရော၊ သဲတွေရော ပက်ရတယ်။ ကျွန်တော့် အိမ်မှာဆို မိဘတွေရော၊ သားသမီးတွေရော ၁၀ ယောက်ရှိတယ်။ စဖြစ်တာနဲ့ အပြင်ကို အရ ခေါ်ထုတ်ခဲ့ရတယ်” ဟု မီးလောင်မှုကြောင့် နေအိမ်ပျက်စီးသွားပြီး ကိုယ်တိုင်ပါဝင် မီးငြှိမ်းသတ်ခဲ့သော ဦးဇော်နိုင်က ပြောကြားသည်။အိမ်ရှင် ဒေါ်သန်းသန်းဝင်း၏ နေအိမ်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ရေရောင်းရန် တပ်ဆင်ထားသော ရေစက်မော်တာထဲသို့ ဝင်သော ဆားဗစ်ကြိုး အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။“ကလေးမလေးတစ်ယောက် မီးလောင်ပြီး သေသွားတယ်။ အဖေဖြစ်တဲ့သူက သူများအိမ် မီးလောင်နေတာကို သွားငြှိမ်းပေးနေတုန်း သူ့မိန်မက ကလေးကို မခေါ်မိဘဲ မေ့ပြီး ပြေးထွက်လာတယ်။ အဲဒီအချိန်တုန်းက သူတို့အိမ်ဘက်ကို မီးမကူးသေးဘူး။ ဒါပေမဲ့ မီးသတ်ကားတွေ ရောက်လာတော့မှ အမေဖြစ်တဲ့သူက ကလေး အထဲမှာ ရှိတာကို သတိရပြီး အထဲမှာ ကလေးရှိတယ်လို့ပြောတယ်။ မီးကတော့ ကူးနေပြီ။ အိမ်ထဲဝင်သွားတော့ ကလေးက မီးလောင်ဒဏ်ရာတွေနဲ့ သေနေပြီ” ဟု ဦးဇော်နိုင်က ထပ်မံပြောကြားသည်။မီးလောင်မှုကြောင့် သေဆုံးသွားသည့် မိန်းကလေးမှာ မကေသီချို (ဘ) ဦးဝင်းမြိုင်ဖြစ်ပြီး စတုတ္ထတန်း ကျောင်းသူဖြစ်ကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားသော နေရာမှာ မီးသတ်ကားဝင်ရန် လမ်းကျဉ်းမြောင်းသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှာ ပိုက်များသွယ်တန်းလျက် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုသို့ မီးငြှိမ်းသတ်ယာဉ် စေလွှတ်မှု အဆင့် (၁) သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်သန်းသန်းဝင်းအား မြောက်ဥက္ကလာပ မြို့မရဲစခန်း မှ (ပ) ၉၃၁/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၄ (က)/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။
မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် ကြိုးတံတား အဆင်းရှိ နေအိမ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွား၊ ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံး