ဒေါ်အောင်ဆန်းစုကြည်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်သို့ တင်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တွဲဖက်အတွင်းရေးမှူးအား အာမခံဖြင့် ပြန်လည်လွှတ်ထားရာမှ နိုဝင်ဘာလ ၂၅ရက်နေ့တွင် ဆက်သွယ်ဝန်ရေးကြီးဌာန ခွင့်ပြုချက်ဖြင့် တရားစွဲဆိုကာ ပုသိမ်ထောင်သို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် Thu Thu ဆိုသည့် အကောင့်တစ်ခုမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို photoshot ဖြင့်ပြုပြင်ကာ ညစ်ညမ်းဓါတ်ပုံသဖွယ် ပြုပြင်၍ ပုံစာညွှန်များအဖြစ် မိုက်တယ်၊ အလှအပ ဗန်းပြပြီးတကယ် မောင့်ဘဝပျက်အောင် ပြုစားရက်တယ်၊ 2015 ပြိုင်ပွဲဝင်မဲ့ Modal Su ဟု ရေးသားကာ အများပြည်သူ မြင်သိစေရန် တင်ပြဖြန့်ဖြူးခဲ့ကြောင်း၊ ယင်း Thu Thu ဆိုသည့် အကောင့်ပိုင်ရှင်မှာ မှတ်တမ်းဓါတ်ပုံများအရ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ တွေ့ရှိရမှုကြောင့် ကန်ကြီးထောင့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် တစ်ဦးဖြစ်သူ ကိုစည်သူအောင်မှ ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို အကြည်အညို ပျက်စေရန် လုပ်ဆောင်ခဲ့သည်ဟုဆိုကာ Thu Thu ဆိုသည့် အကောင့်ပိုင်ရှင်ဖြစ်သော ဦးသန်းထွန်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ကန်ကြီးထောင့် မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုကို ကန်ကြီးထောင့် မြို့မရဲစခန်းမှ (ပ) ၁၅၇ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီးနောက်၊ စွပ်စွဲခံရသူ ဦးသန်းထွန်းကို စစ်ဆေးပြီးနောက် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် နိုဝင်ဘာလ ၂၅ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင်မှ ဆက်သွယ်ရေး ဝန်ကြီး၏ ခွင့်ပြုချက်ဖြင့်ဆိုကာ ပြန်လည် ဖမ်းဆီးခဲ့ပြီးနောက် ကန်ကြီးထောင့်မြို့နယ် တရာရုံးတွင် တရားစွဲဆိုကာ ပုသိမ်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။“တရားစွဲဆိုဖို့ ခွင့်ပြုမိန့် ကျလာလို့ တရားစွဲလိုက်တာပါခင်ဗျ၊ တရားစွဲတာကတော့ အရင်ထဲက ဖွင့်ထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(က) နဲ့ပါပဲ၊ အခုတော့ ကျွန်တော်တို့ ပုသိမ်ထောင်ကို ပို့ဆောင် ထိန်းသိမ်းထားပါတယ်၊ ဘယ်နေ့စပြီးတော့ စစ်ဆေးမလဲ ဆိုတာတော့ ကျွန်တော်လဲ မသိပါဘူး” ဟု ကန်ကြီးထောင့် မြို့မရဲစခန်းမှ စခန်းမှူး ဦးရဲလွင်က ပြောသည်။တရားစွဲဆိုရာတွင် အချိန်ကြန့်ကြာနေမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပက်သက်၍ တရားလိုအဖြစ် တိုင်ကြားခဲ့သူ ကိုစည်သူအောင်က “သူ့ကို ပြန်ဖမ်းတာ တရားစွဲတင်တာမှာ ကျွန်တော့်ကို အသိမပေးဘူးဗျ၊ ကျွန်တော် တိုင်ကြားခဲ့တုန်းက ရွေးကောက်ပွဲကာလ ကတည်းက အခု ရွေးကောက်ပွဲပြီးမှ တရားစွဲခဲ့တာ၊ တိုင်ကတည်းက မဖမ်းဘူး၊ ဖမ်းတော့လဲ ဆေးရုံတက်ရတယ်ဆိုပြီး ဆေးရုံတက်တယ် ပြီးတော့ အာမခံနဲ့ လွှတ်ပေးထားတယ်၊ အခုမှ ဆက်သွယ်ရေး ဝန်ကြီးရဲ့ အမိန့်ရလို့ဆိုပြီး တရားစွဲတာလို့ ကျွန်တော် သိရတယ်” ဟု ကိုစည်သူအောင်က ပြောသည်။တရားလိုဖြစ်သူ ကိုစည်သူအောင်အပြင် သက်သေအဖြစ် လိုက်ပါမည့် သူများကို ပြည်ခိုင်ဖြိုးပါတီမှ အမှုနှင့်ပက်သက်၍ ညှိနှိုင်းဆောင်ရွက်သည်ဟုဆိုကာ ကမ်းလှမ်းမှုများပါ ပြုလုပ်ထားကြောင်း သိရသည်။“တကယ်ဆိုရင် သူတို့သက်သေတွေ အားလုံးကို စစ်ပြီးတဲ့ အချိန်ကတည်းက တရားစွဲဆိုရမှာ ဒါပေမဲ့ ဆက်သွယ်ရေး ဝန်ကြီးရဲ့ မှတ်ချက်က အချိန်မှီ ရောက်မလာဘူးဆိုပြီး အခုမှစွဲတာ ကျန်ခဲ့တဲ့ရက်ကတော့ ကြံ့ခိုင်ရေးပါတီဖက်က ကျွန်တော့်ကို ဆက်သွယ်လာတယ် တစ်မြို့နယ်သားချင်းတွေ အနေနဲ့ ဘယ်လိုများ ညှိနှိုင်းမှုမျိုးများ ဆောင်ရွက်ပေးနိုင်မလဲလို့ ပြောလာတယ်၊ ကျွန်တော်တို့ကတော့ အသေအချာ ဆွေးနွေးဖို့ပဲ ပြန်ပြောထားပါတယ်” ဟု အဆိုပါ အမှုတွင် တရားလိုဖက်မှ သက်သေအဖြစ် ပါဝင်သူ ဧရာဝတီ ကျောင်းသားသပိတ်စစ်ကျောင်းမှ ဦးဆောင်ဆရာတစ်ဦးဖြစ်သူ ဦးဝေယံအောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ပုံအား ညစ်ညမ်းပုံသဖွယ်ပြုပြင်၍ Facebookပေါ်သို့တင်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား ပုသိမ်ထောင်သို့ပို့ဆောင်ထား