‘မဲစာရင်း မမှန်မကန် လုပ်နေတာကလည်း ကျွန်တော်တို့ မဲ အရနည်းအောင် လုပ်မယ်လို့ ကျွန်တော် ဒီလိုပဲ မြင်ပါတယ်’
မေး- အခု မဲဆွယ် စည်းရုံးရေး ကာလအတွင်း ကယန်း အမျိုးသား ပါတီအနေနဲ့ ဘာတွေ လုပ်ပြီးပြီလဲ၊ ဘယ်လို ရလဒ်တွေ ရရှိနေပြီလဲ။
ဖြေ - ကျွန်တော်တို့က မဲ ဆန္ဒနယ် အလိုက်ပဲ လှုပ်ရှားတယ်။ ကျွန်တော် ကတော့ ဦးနန်းရီ ပါ။ ဒီးမော့ဆို မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပေါ့။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ဒေါ်အယ်မားပေါ့။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်က ဦးမောင်ရို့။ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ကျွန်တော်ပေါ့။ ကျွန်တော်တို့ မဲဆွယ် စည်းရုံးရေးကို နေ့ခင်းက တစ်ရွာ၊ ညက တစ်ရွာ။ အဲဒီလိုမျိုး သွားတယ်။ ပထမတစ်ကျော့က ကျွန်တော်တို့ မဲဆွယ်ကာလ မရောက်ခင် ကျေးရွာ ငါးရွာရှိရင် ကျွန်တော်တို့ ငါးရွာ စုခေါ်လိုက်တာပေါ့။ မဲဆွယ် စည်းရုံးရေးကာလ မရောက်ခင်က အဲဒီလို စည်းရုံးတယ်။ မဲဆွယ် စည်းရုံးရေး ကာလ ရောက်တော့ တစ်ရက်ကို မနက် ၁၀ နာရီ တစ်ရွာ၊ ည ၆ နာရီတစ်ရွာ အဲဒီလို သွားတယ်။ အခု သွားတာက ဒီနေ့နဲ့ပါဆို ၂၉ ရွာ ရောက်ပြီးပြီ။ ကျွန်တော့်နယ်မှာ အားလုံးက ၈၆ ရွာရှိတယ်။ ၈၆ ရွာရှိတော့ တစ်ဝက်တောင် မကျိုးသေးဘူးပေါ့။ ကျွန်တော်တို့ စည်းရုံးရေး ဆင်းတာ သွားမိတဲ့ အတိုင်းအတာ ကတော့ တော်တော် အားရပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသခံ လူက ဒီနိုင်ငံရေး နိုးကြားမှု စိတ်ဓာတ် တအား နည်းသေးတဲ့ အခါကျတော့ ကျွန်တော်တို့ တော်တော်ကလေး ကျယ်ကျယ်လောင်လောင် ခပ်နာနာလေး တော်တော် ပြောယူရတယ်ပေါ့ဗျာ။ အခြေအနေကတော့ ကောင်းပါ တယ် ။ ဒါပေမဲ့ ပြောသလောက်တော့ သူတို့ သဘောပေါက် သလောက် ရှိလာပါတယ်။
မေး- ကယန်း အမျိုးသား ပါတီအနေနဲ့ ရွေးကောက်ပွဲ မှာ ဘယ် မဲဆန္ဒနယ်တွေကို ဝင်ရောက် ယှဉ်ပြိုင်မှာပါလဲ။
ဖြေ- ကျွန်တော်တို့ ကယန်း အမျိုးသားပါတီ ဝင်တာက လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ်နဲ့ မယ်စဲ့ မြို့နယ်ပဲ ဝင်တာပါ။ သုံး မြို့နယ်ပဲဝင်တာ။ ဒီးမော့ဆို မြို့နယ်က မဲဆန္ဒနယ် (၁) နဲ့ (၂ ) အကုန်ဝင်တာပေါ့။ လွိုင်ကော် မြို့နယ်က မဲဆန္ဒနယ် အမှတ် (၁) လွိုင်ကော် မြောက်ခြမ်းပဲ ဝင်တာပေါ့။ မယ်စဲ့ ကတော့ တစ်နေရာပဲ ပြည်နယ် လွှတ်တော် တစ်နေရာပဲ ဝင်တယ်ပေါ့။ ကယားပြည်နယ်မှာ ရှစ်နေရာပဲ ဝင်တယ်ပေါ့။
မေး - မဲဆွယ် စည်းရုံးစဉ်အတွင်း ကယန်း အမျိုးသား ပါတီအနေနဲ့ အခက်အခဲ ဘာတွေရှိပါသလဲ။
ဖြေ - ကျွန်တော်တို့ ခက်ခဲတာက တအားတော့ မရှိပါဘူး။ ကျွန်တော်တို့ ငွေရေး ကြေးရေးပေါ့။ သူများကလည်း အထူးသဖြင့် ပြည်ခိုင်ဖြိုးက ပိုက်ဆံနဲ့ပဲ မက်လုံးပေး မဲဆွယ်တဲ့ အခါကျတော့ ကျွန်တော်တို့ကလည်း အနည်းအကျဉ်း ကျွေးရတာပေါ့။ လှုပ်ရှားတဲ့ လူက နည်းနည်းပါးပါး စရိတ်တွေ၊ အစည်း အဝေး လုပ်တဲ့အခါကျတော့ ဧည့်ခံတဲ့ အခါကျတော့ ထမင်းဖိုး အသားဖိုး နည်းနည်းတော့ ပေးရမှာပေါ့။ တအား အများကြီးတော့ မဟုတ်ပါဘူး။ ရန်ပုံငွေ မရှိတော့ အိတ်စိုက် လုပ်တဲ့အခါ အခက်အခဲတော့ရှိတာပေါ့။ ဒီအချိန် မျိုးက သူများက ပိုက်ဆံပဲ မက်လုံးပေး လုပ်နေကြတော့ ကိုယ်က မပေးလည်း မရဘူးပေါ့။ရွေးကောက်ပွဲ ယဉ်ကျေးမှု ပုံစံတစ်ခုလို ဖြစ်သွားတာပေါ့။ မရှိရင်လည်း ရှိအောင် ကြိုးစားရတဲ့ အနေအထား တစ်ခုဖြစ်ပါတယ်။
မေး-NLD ရဲ့ နိုင်ခြေကိုကော ခန့်မှန်းလို့ရနိုင်မလား
ဖြေ - ကျွန်တော်တို့ ကြည့်တဲ့အခါကျတော့ NLD ပါတီကိုတော့ လူအများ စိတ်ဝင်စားတာပေါ့နော်။ အဲဒီ သဘောမျိုးတော့ နည်းနည်း ရှိတာပေါ့။ ကျွန်တော်တို့ လိုက်ဟောပြောတဲ့ အခါကျတော့ အိမ်ရှင်ပါတီနဲ့ ဧည့်သည် ပါတီရှိတာပေါ့။ NLD က ဧည့်သည်ပါတီ၊ ကျွန်တော်တို့က အိမ်ရှင် ပါတီပေါ့။ အိမ်ရှင် နဲ့ ဧည့်သည်ဆိုတာက မေတ္တာတရားမှာကော တကယ့် ကိုယ့်ပြည်နယ်အတွက် လုပ်တာကတော့ အိမ်ရှင်က ကျွန်တော်တို့ ပိုစိတ်ချရတာပေါ့နော်။ ဧည့်သည်ဆိုရင် ဒုတိယအဆင့်ပဲ ရှိတယ်။ နံပါတ်တစ်ကို အားပေး ထောက်ခံကြဖို့ပေါ့။ အိမ်ရှင်ဆိုတာက တကယ့် မေတ္တာတရားနဲ့ အလုပ်လုပ်တဲ့ အခါကျတော့ စိတ်ရင်း စေတနာက ပိုရှိတယ်။ အဲဒီလို ရှင်းပြရတာပေါ့။ ဒါလည်း သူတို့ တော်တော် လက်ခံပါတယ်။ နောက်ပြီးတော့မှ NLD ဆိုတာက အခု ကျွန်တော်တို့ ဝင်ရွေးတဲ့နေရာမှာ သိပ်ပြီးတော့မှ မလှုပ်ရှား နိုင်ဘူးပေါ့။ တကယ့် တကယ်တော့ နိုင်ငံရေးသမား သိပ်မဟုတ်ကြပါဘူး။ သူတို့လှုပ်ရှားမှုက ကျွန်တော်တို့လောက် မရှိဘူးပေါ့။ အဲဒီလောက်မရှိတဲ့ အခါကျတော့ လွှတ်တော် ကိုယ်စားလှယ်ချင်းယှဉ်ရင် ကျွန်တော်တို့က အနေအထား ပိုကောင်းတာပေါ့။ သူတို့ လွှတ်တော်အမတ်တွေက လူထုတွေမှာ သိပ်မဝင်သလို လူကလည်း နိုင်ငံရေးသမား သိပ်မဟုတ်တော့ လူထုရဲ့စိတ်ဝင်စားမှုက အဲဒီလောက် မရှိပါဘူး။ကျွန်တော်တို့ပဲ အခြေအနေ ပိုကောင်းမယ်လို့ ပြောရင် ပြောလို့ရပါတယ် ။
မေး - ကြံ့ခိုင်ရေးပါတီ အပေါ်ကိုကော မဲနိုင်ခြေနဲ့ ပတ်သက်ပြီး ခန့်မှန်းပေးပါဦး
ဖြေ - ဒီပြည်ခိုင်ဖြိုးတို့ အစိုးရက ကြိုတင်မဲ တစ်ခုပေါ့နော်။ ကျွန်တော်တို့ နည်းနည်း စိုးရိမ်တယ် ပေါ့နော်။ နောက်တစ်ခုက မဲစာရင်း မမှန်မကန် လုပ်နေတာကလည်း ကျွန်တော်တို့ မဲအရ နည်းအောင် လုပ်မယ်လို့ ကျွန်တော် ဒီလိုပဲ မြင်ပါတယ်။ သူတို့ကဘယ်နားမှာ အများဆုံး ရနိုင်မလဲ။ ဌာနဆိုင်ရာပိုင်း မှာရမယ်။ သူတို့နည်းလမ်းတစ်ခုခု သူတို့လုပ်ဦးမယ်။ ရွှေ့ပြောင်း ဝန်ထမ်းအနေနဲ့လည်း သူတို့ဆီမှာ အများဆုံး ရမယ်လို့ ကျွန်တော် မြင်တယ်ပေါ့လေ။ ကျွန်တော်တို့က အတိုက်အခံ ပါတီတွေကတော့ မဲအများဆုံး ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရနည်းအောင် စာရင်းတွေကလည်း သူတို့သက်သက် မှန်ကန်မှု မဖြစ်အောင် လူအင်အား နည်းအောင် သူတို့ နည်းလမ်းတစ်ခုခု အသုံးချနေတယ်လို့ နည်းဗျူဟာ တစ်ခုလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့အတွက် နစ်နာစရာ အကြောင်းရှိသလို စိုးရိမ်ရပါတယ်။
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနန်းရီ(ကယန်းအမျိုးသားပါတီ၊ အတွင်းရေးမှူး) နှင့် တွေ့ဆုံခြင်း