ပဉ္စမအကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၉ ရက်မှ ၁၃ ရက် အထိပြုလုပ်ခဲ့ရာ အကောင်းဆုံး ဇာတ်ကားတိုဆုကို ဒါရိုက်တာ ခင်မြန်မာ၏ ‘Missing’ ဇာတ်ကားတိုက ရရှိခဲ့ပါသည်။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို ရင်နင့်စဖွယ် ရိုက်ကူးပုံဖော်ထားသည့် ဒါရိုက်တာ ခင်မြန်မာက YFS ၏ သင်တန်းဆင်း ဒါရိုက်တာတစ်ဦးဖြစ်ပြီး မှတ်တမ်း ဇာတ်ကားအချို့လည်း ရိုက်ကူး ဖန်တီးထားသူ တစ်ဦးဖြစ်သည်။ လူငယ်ဒါရိုက်တာ ခင်မြန်မာနှင့် တွေ့ဆုံ၍ ဝဿန်ပွဲတော်၏ ဆုရဇာတ်ကား ဖန်တီးခဲ့မှု အတွေ့အကြုံများကို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- ဒါရိုက်တာ တစ်ယောက်အဖြစ် မရိုက်ကူးမီ ဘာတွေလေ့လာ ဖြစ်ခဲ့သေးလဲ။
ဖြေ- ၂၀၁၁ ခုနှစ်တုန်းက Yangon Film School ကဖွင့်လှစ်တဲ့ အခြေခံ သင်တန်းကို စတက်ဖြစ်ခဲ့တာပါ။ အဲဒီ မတိုင်ခင်တုန်းကတော့ ခင်မြန်မာ အဖေက အယ်ဒီတာဆိုတော့ သူကားဆက်ရင် ဘေးကထိုင်ကြည့် ဖြစ်တယ်။ ဒါပေမဲ့ ဒီလောက်ထိ ဝါသနာပါမှန်းတော့ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ပါဘူး။ YFS က သင်တန်းဖွင့်တော့ စိတ်ဝင်စားတာနဲ့ စတက်ဖြစ်ခဲ့တာ။ အဲဒါကတော့ မှတ်တမ်းဇာတ်ကား ရိုက်ကူးမှု သင်တန်းပေါ့နော်။ အဲဒီသင်တန်းက အဆက်ဆက် တက်ရတာဆိုတော့ သုံးနှစ်ကြာ သင်တန်းတက် ဖြစ်ခဲ့ပါတယ်။
မေး- အခုဝဿန် ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့ Missing ဇာတ်ကားက ပထမဆုံး ဇာတ်ကားတို ဖန်တီးမှုလား။
ဖြေ- အရင်ကတော့ အယ်ဒီတာ အဖြစ်ရော ဒါရိုက်တာ အဖြစ်ပါ မှတ်တမ်းဇာတ်ကားတွေ ရိုက်ကူးခဲ့ပါတယ်။ True Fiction Short အနေနဲ့တော့ ဒီဇာတ်ကားက ပထမဆုံး ဖန်တီးဖြစ်တာပါ။
မေး- ဒီဇာတ်ကားရဲ့ အကြောင်းအရာက ဖြစ်ရပ်မှန်ကို ပုံဖော်ထားတာဆိုတော့ ဒီအကြောင်းအရာက ဘယ်လိုရခဲ့တာလဲ။
ဖြေ- ၂၀၁၃ နိုဝင်ဘာမှာ YFS မှာပဲ Script Writing သင်တန်း ဖွင့်ပါတယ်။ အဲဒီ သင်တန်းမှာပဲ ကျောင်းသား စာရေးဆရာတွေက သူတို့မှာရှိတဲ့ ဇာတ်လမ်းတွေကို ပြောပြကြတယ်။ ဒီဇာတ်လမ်းကို အခုဇာတ်ကားမှာ ဇာတ်ညွှန်းရေးထားတဲ့ ချိုဝတ်ရည်လွင်က ပြောပြတာပါ။ သူဇာတ်လမ်းကို စပြောကတည်းကကို အရမ်းကို စိတ်ဝင်စားသွားခဲ့တယ်။ အဲဒါနဲ့ပဲ ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ ရွေးချယ်ဖြစ်ခဲ့တာပါ။
မေး- ဖြစ်ရပ်မှန် အကြောင်းအရာ တစ်ခုကို အချိန်တို အတွင်းမှာ ခံစားချက်တွေ ပေါ်လွင်အောင် ဖန်တီးခဲ့ရာမှာ အဓိက ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။
ဖြေ- ဇာတ်ကားတစ်ကား ဖန်တီးရာမှာ စလယ်ဆုံးတော့ အခက်အခဲ ရှိပါတယ်။ ခင်မြန်မာ ကလည်း ပထမဆုံး ဇာတ်ကားတိုကို ဒါရိုက်တာအဖြစ် ရိုက်ကူးတာဆိုတော့လေ။ ပထမဆုံးကတော့ ဒီဇာတ်ကားရဲ့ Main Cast ရွေးချယ်ဖို့ပါ။ ဒီဇာတ်ကောင် စရိုက်တွေနဲ့ အဆင်ပြေတဲ့ လူဖြစ်ဖို့ သေချာရွေးချယ် ရပါတယ်။ တချို့ကလည်း လုပ်ပေးချင်ပေမယ့် အံမဝင်တာမျိုးတွေ ရှိပါတယ်။ အသင့်တော်ဆုံး အလိုက်ဖက်ဆုံး ဖြစ်နိုင်တဲ့သူကို ရအောင် ရွေးချယ်ရတာ တော်တော်လေး ခက်ပါတယ်။ Production စလုပ်တဲ့ အချိန်မှာတော့ လူအများနဲ့ လုပ်ရတာပေါ့လေ။ အဲဒီမှာလည်း အခက်အခဲ တချို့ရှိပါတယ်။ အရင်က မှတ်တမ်းဇာတ်ကား ရိုက်တဲ့အခါ လူလေးငါးယောက်နဲ့ပဲ ရိုက်ဖူးတဲ့ အခါကျတော့ အခုလူအများကြီးနဲ့ ရိုက်ကူးရာမှာ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ အဓိက သရုပ်ဆောင်တွေက တော်ကြပါတယ်။ သိပ်အများကြီး သင်ပေးစရာ မလိုဘူး။ စိတ်ခံစားမှုက ဒီမှာ ဘယ်လို ထားရမယ်ဆိုတာကိုပဲ ပြောပြပေးခဲ့တာ။ ကျန်တာကတော့ အခက်အခဲ သိပ်အများကြီး မရှိခဲ့ပါဘူး။
မေး- ဒီဇာတ်ကားကို ဖန်တီးပြီးတဲ့ အချိန်မှာ ထွက်လာတဲ့ ရလဒ်ကိုရော ကျေနပ်လား။
ဖြေ- ကျေနပ်ပါတယ်။ ထောင် Scene လေး ရိုက်တုန်းကဆို ရိုက်နေရင်းနဲ့ ညီမကိုယ်တိုင် ငိုရတယ်။ Edit လုပ်တော့လည်း ပြန်ကြည့်ပြီး အယ်ဒီတာလည်း ငိုတယ်။ ညီမလည်း ငိုတယ်။ အယ်ဒီတာကလည်း ညီမစိတ်ကြိုက် လုပ်ခွင့်ပေးသလို နောက်ခံတေးဂီတကအစ ကိုယ့်စိတ်ကြိုက် အသုံးပြုခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ဒီဇာတ်ကား တစ်ကားလုံး ဖန်တီးပြီးသွားလို့ ပြန်ကြည့်တဲ့ အချိန်မှာ ကျေနပ်တယ်လို့ ဆိုရမှာပါ။
မေး- အခု ဒီဇာတ်ကားက ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ကားတိုဆု ရတယ်ဆိုတော့ ခံစားမှုကို လည်း ပြောပြပေးပါဦး။
ဖြေ- ၂၀၁၁ တုန်းကတော့ ဝဿန်ရုပ်ရှင်ပွဲတော်မှာ ညီမရိုက်တဲ့ The Dream ဆိုတဲ့ ဇာတ်ကားလေး ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ၂၀၁၂ မှာတော့ ညီမ Edit လုပ်ထားတဲ့ ဇာတ်ကားကို ဝဿန်ပွဲတော်မှာ ဝင်ပြိုင်ခဲ့ဖူးတယ်။ အခုဒီ တစ်ခါမှာတော့ ညီမရဲ့ Missing ဇာတ်ကား ဝင်ပြိုင်ခဲ့ရာမှာ နှစ်ခါဝမ်းသာတယ်လို့ ပြောလို့ရတယ်။ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၂ ရက်မှာ ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားကို ပြသတဲ့အခါ ပရိသတ်ရဲ့ တုံ့ပြန်မှုကို ကြားရပါတယ်။ ကိုယ့်ဇာတ်ကားတစ်ကားကို ရုပ်ရှင်ရုံမှာ ပြသခွင့်ရပြီး ပရိသတ်ရဲ့တုံ့ပြန်မှုကို ပထမဆုံး ကြားရတဲ့အချိန်မှာ ကျေနပ်ဝမ်းသာမိပါတယ်။ အရင်ကတော့ YFS ရဲ့ Annual Screening မှာ ပါဝင် ပြသတာတွေ ရှိခဲ့ပေမယ့် ခံစားချက်ချင်း သိပ်မတူဘူး။ ဒါကတော့ ပထမ ဝမ်းသာမှုပေါ့။ အဲဒါကို ရရှိပြီးတဲ့နောက်မှာ ဆုဆိုတာတောင် သတိမရတော့ပါဘူး။ ဆုရတယ်ဆိုတော့လည်း ဝမ်းသာပါတယ်။
မေး- ဒီဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ အစီအစဉ်ရှိလား။
ဖြေ- ဒီဇာတ်ကားက YFS ကပဲ ထုတ်လုပ်ထားတာကြောင့် ကျောင်းကပဲ နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေမှာ ပြသနိုင်ဖို့ စီစဉ်ပေးမှာပါ။
မေး- နောက်ပိုင်းရော မှတ်တမ်းဇာတ်ကားနဲ့ ဇာတ်ကားတိုဆိုရင် ဘာကိုပိုပြီး ဦးစားပေးဖြစ်မလဲ။
ဖြေ- နှစ်ခုလုံးကိုတော့ စိတ်ဝင်စားပါတယ်။ နှစ်ခုလုံးကို ဆက်ပြီးရိုက်ကူး ဖြစ်မှာပါ။
မေး- အခုနောက်ပိုင်း မှတ်တမ်းဇာတ်ကားနဲ့ ဇာတ်ကားတိုတွေက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ လမ်းကြောင်း တစ်ခုအနေနဲ့ ပြသခွင့် ရနေကြတာကို တွေ့ရပါတယ်။ အဲဒီ အပေါ်မှာ လူငယ် ဒါရိုက်တာတစ်ယောက် အနေနဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ- ညီမတို့လို လူငယ်ဒါရိုက်တာတွေအနေနဲ့ ဒီလိုလမ်းကြောင်းတွေ ပေါ်လာခြင်းအားဖြင့် အခွင့်အလမ်းတွေ အများကြီး ပိုရလာပါတယ်။ ဇာတ်လမ်းတိုရိုက်ဖို့၊ မှတ်တမ်းဇာတ်ကား ရိုက်ဖို့ဆိုတာက လက်လှမ်းမီနိုင်သေး တယ်လေ။ Feature Length ရိုက်ချင်ပေမယ့် အများကြီး အလှမ်းဝေး နေပါသေးတယ်။ ဒီကြားထဲမှာ မှတ်တိုင် အတိုလေးတွေ စိုက်ဖြစ်တဲ့သဘောပါပဲ။
မေး- လတ်တလောရော ဘာတွေလုပ်ဖြစ်ဖို့ ရှိဦးမလဲ။
ဖြေ- ဇာတ်ကားတို တစ်ကားတော့ ၂၀၁၅ နှစ် ကုန်ပိုင်းမှာရိုက်ဖို့ စီစဉ်ထားတာ ရှိတယ်။ မှတ်တမ်း ဇာတ်ကားတွေကိုတော့ Edit လုပ်ပေးဖို့ တွေရှိပါတယ်။