၂၀၀၇ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရသည် လောင်စာဆီ ဈေးနှုန်းများကို မြှင့်တင်ခဲ့သည်။ ထိုသည်ကို အခြေပြု၍ ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး လူထုဘ၀ ရပ်တည်ရေး ပိုမိုခက်ခဲလာခဲ့သည်။ ထိုကဲ့သို့ အခြေအနေတွင် ပခုက္ကူမြို့၌ သီတင်းသုံးနေသည့် သံဃာတော်များသည် နံနက် ဆွမ်းခံ ကြွရောက်စဉ် ဆွမ်းဒကာ၊ ဒကာမများ၏ ညည်းညူသံများကို ခံစားခဲ့ရသည်။ ထို့ ကြောင့်ပင် ပခုက္ကူ သံဃာတော်များသည် လူထုခံစားနေရသည့် အခြေအနေကို မေတ္တာပို့ ဆုတောင်းခြင်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့သည်။ ထိုကဲ့သို့ လူထုခံစားမှု ပြေလည်စေရန် ရည်ရွယ်၍ မြို့တွင်းသို့ စီတန်း လှည့်လည် မေတ္တာပို့ခဲ့သည့် ပခုက္ကူမြို့ သံဃာတော်များကို စစ်အစိုးရ တာဝန်ရှိသူများဖက်မှ ရိုက်နှက် ဖြိုခွင်းခဲ့ရာ မြန်မာ့နိုင်ငံရေးကို ပြောင်း လဲစေသည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့သည်။ ယခုအခါ စစ်အာဏာရှင်အား ဆန့် ကျင်သည့် ရွှေဝါရောင် တော်လှန်ရေးသည် ရှစ်နှစ်ပြည့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၂၀၀၇ ခုနှစ် စက်တင် ဘာ ၅ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပခုက္ကူမြို့၌ ဖြစ်ပွားခဲ့သည့် မေတ္တာပို့ ဆုတောင်းမှု ပြုလုပ်သော သံဃာ တော်များအပေါ် စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းမှုများကို ကိုယ်တိုင် မြင်တွေ့ခဲ့သည့် သံဃာတော်များ၏ မိန့်ကြားချက်များအား ဖော်ပြအပ်ပါသည်။
ဦးစိန္တိတ (ပခုက္ကူ ရွှေဝါရောင် အရေးအခင်းတွင် ဦးဆောင်အဖြစ် ပါဝင်ခဲ့သူ)
မေး - စက်တင်ဘာ ၅ ရက်မှာ ပခုက္ကူမြို့သံဃာတော်တွေ ဆုတောင်း မေတ္တာပို့ ထွက်ဖြစ်ခဲ့တဲ့ အကြောင်း မိန့်ကြားပေးပါဘုရား။
ဖြေ- ၂၀၀၇ ခုနှစ် သြဂုတ်လထဲမှာ လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းတွေ တက်လာ တယ်။ အဲဒီမှာ ရန်ကုန် ၈၈ က ကိုမင်းကိုနိုင် တို့ကနေ လိုင်းကား မစီးဘဲ လမ်းလျှောက်ဆန္ဒပြတယ်။ အ ဖမ်းခံရတယ်။ နောက် ကိုထင်ကျော်တို့က ကုန်ဈေးနှုန်း ကျဆင်းရေး ထပ်ဆန္ဒပြတယ်။ အဖမ်းခံရတယ်။ စစ် တွေက သံဃာတော် နှစ်ပါးလည်း ဆန္ဒပြတယ်။ အဖမ်းခံရတယ်။ အဲဒီမှာ ဦးဇင်းတို့ ပခုက္ကူ သံဃာတွေကနေ ဒကာ၊ ဒကာမတွေရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး လုပ်သင့်တယ်။ ဒီလှုပ်ရှားမှုဟာလည်း မရပ်တန့် သင့်ဘူလို့ ယူဆပြီး လုပ်ဆောင်ရာကနေ ဒီလှုပ်ရှားမှုကြီး ဖြစ်လာတာပါ။
မေး- သံဃာတွေရဲ့ မေတ္တာပို့ လမ်းလျှောက်ခြင်း အစီအစဉ် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ပုံကို ဆက်လက် မိန့်ကြားပေးပါဘုရား။
ဖြေ- ဒီလှုပ်ရှားမှုကြီးက မရပ်သင့်ဘူးဆိုပြီး ဦးဇင်းတို့နီးစပ်က သံဃာတော် တွေကနေ တစ်မြို့လုံးမှာရှိတဲ့ သံဃာတော် တွေကို လျှောက်တယ်။ ဘယ်လို လှုပ်ရှားကြမလဲ တိုင်ပင်တဲ့အခါ ဘုရားသားတော် တွေဖြစ်တဲ့ အတွက်ကြောင့် ဘုရားနည်းလမ်းအတိုင်း သွားတာကောင်းတယ် ဆိုပြီး တိုင်ပင်မိတယ်။ စက်တင်ဘာ ၃ ရက်မှာ တစ်မြို့လုံးမှာရှိတဲ့ စာသင်တိုက်ကြီးတွေကို စည်းရုံးတဲ့အခါ သံဃာတွေကြားမှာ တက်ကြွ လုပ်ရှားမယ့် သံဃာတွေ ပေါ်ပေါက်လာတယ်။ အဲဒီမှာ ပြည်သူ့ကိုယ်စားပြု သံဃာ့သမဂ္ဂအဖွဲ့ (ပခုက္ကူ) ဆိုပြီး ဦးဆောင်သံဃာ ၁၀ ပါးနဲ့ ဖွဲ့လိုက်တယ်။ အဲဒီမှာ ဦးဇင်းက ဥက္ကဋ္ဌ တာဝန်ယူတယ်။ နောက်ဆုံး အစည်းအ ဝေးကို ဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှာလုပ်တယ်။ ဆရာတော်ကြီးကို လှုပ်ရှားမှုတွေ လုပ်သင့်လုပ်ထိုက် တဲ့ အချိန်ရောက်နေပြီး လုပ်ဆောင်မယ့် အဖွဲ့လည်းရှိနေပြီ။ ဒါကြောင့်မို့ ဘယ်လိုနည်းနဲ့ လုပ်မလဲ ထပ်တိုင် ပင်တယ်။ အဲဒီမှာ ဆရာတော်ကြီးက ဘုရားသားတော်တွေ ဖြစ်တာကြောင့် မေတ္တာပို့ပြီးတော့ စီတန်းပြီးတော့ ပြည်သူ့ လိုအပ်ချက်တွေကို ပြမယ်။ တောင်းဆိုမယ့် အချက်တွေကို စာရွက်တွေမှာ ရေးပြီး တောင်းဆို မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။
မေး- စက်တင်ဘာ ၅ ရက်မှာ မေတ္တာပို့ ဆုတောင်းခဲ့တဲ့ ဖြစ်စဉ်တွေကို မိန့်ကြားပေးပါဦး ဘုရား။
ဖြေ - ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ အနောက်တိုက် (သာသနာ့ ဝိပုလရာမ ကျောင်းတိုက်) ကနေ သံဃာ ၃၆ပါးနဲ့စပြီး မေတ္တာပို့ လမ်းလျှောက်တယ်။ ပြည်သူလူထုကလည်း နောက်ကနေ ပါလာတယ်။ အလယ်တိုက် မရောက်ခင် မိခင်နဲ့ကလေး စောင့်ရှောက်ရေး ဝင်းအနီးမှာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူကြီးတွေကနေ လာတားတယ်။ ဒါကို မလုပ်ဖို့။ ရပ်တန့်ဖို့။ ရှေ့ဆက်မသွားဖို့။ ဦးဇင်း တို့ကတော့ သွားရမယ့် လမ်းကိုတော့ ဆုံးအောင်သွားရမှာ။ ဘယ်လိုပဲ တားဆီးတားဆီး ဆုံးအောင်သွားမှာ။ အဲဒီမှာ သံဃာတွေ မသွားအောင်ဆိုပြီး ကားတွေနဲ့ပိတ်တယ်။ အဲဒီမှာ ဦးဇင်းကနေ အရှင်ဘုရားတို့ ရှေ့ဆက်သွားမှာလား နောက်ပြန်လှည့်မှာလား မေးတော့ သံဃာတွေက နှုတ်ဆိတ်နေတယ်။ ဦးဇင်းကနေ အရှေ့ကို ဆက်လျှောက် စေချင်တယ်လို့ လျှောက်ထားတော့ ဆက်ပြီး လျှောက်သွားကြတယ်။
မေး- အဲဒီနောက်ပိုင်းမှာရော အာဏာပိုင်တွေဘက်က ဘယ်လိုတွေ ဆက်တားလည်း မိန့်ကြားပေးပါဘုရား။
ဖြေ- ဆက်ပြီး ကြွကြတော့ အလယ်တိုက် (မဟာ ဝိသုတာရာမ စာသင်တိုက်) ကို ရောက်သွားတယ်။ အဲဒီမှာ အာဏာပိုင်တွေကနေ ဆက်ပြီး တားတယ်။ အဲဒီမှာ အာဏာပိုင်တွေကနေ အလယ်တိုက်ထဲ ကြွပါ ဆိုပြီးလျှောက်တယ်။ အဲဒါမှာ ပိတ်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာပဲ အလယ်တိုက်မှာ ရှိနေတဲ့ ဦးဇင်း ဦးတေ ဇော(မြိုင်မြို့ ရွှေဝါရောင် ကျောင်းတိုက်တွင် သီးတင်းသုံးလျက်ရှိ)က နေမဝင်နဲ့။ ပိတ်ဖမ်းလိမ့်မယ်။ ဆက် ကြွပါ ဆိုပြီးလျှောက်တော့ ဦးဇင်းတို့ ဆက်ကြွတယ်။ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်ကို ရောက်တယ်။ အဲဒီမှာ သံဃာအပါး ၉၀ ကျော်လောက် ထပ်ပြီးကြွလာတယ်။ အရှေ့တိုက်ကို ဆက်ပြီးကြွတယ်။ အာဏာပိုင် တွေဘက်ကနေ မှတ်တမ်းတွေ လိုက်ယူတယ်။ အရှေ့တိုက်က အထွက်မှာ အကြမ်းဖက် ဖြိုခွင်းခံရတယ်။
မေး - ဆရာတော်တို့ မေတ္တာပို့ မထွက်မီ နှစ်ရက်လောက် အလိုကတည်းက စွမ်းအားရှင်တွေကို အာဏာပိုင်တွေဘက်က သင်တန်းပို့ချခဲ့တယ်။ စုဆောင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အရှင်ဘုရားတို့ သိခဲ့တဲ့ အနေအထားကို မိန့်ကြားပေးပါ။
ဖြေ - ဦးဇင်းတို့ လမ်းမလျှောက်မီ နှစ်ရက်လောက် အလိုကတည်းက ထွေအုပ်ရုံး (အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံး)မှာရယ် နောက်ပြီး ပြည်သာယာခန်းမထဲမှာရယ် စွမ်းအားရှင်ဆိုတဲ့ ရပ်ကွက်ထဲက လူမိုက် တွေကိုစုပြီး ခွနဲ့ကုန်းသီး ထည့်ထားတဲ့ လွယ်အိတ်တွေ ပေးတာလုပ်တယ်။ တစ်ယောက်ကို ၃၀၀၀ ကျပ်ပေး တယ်။ ခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်စိုး ကိုယ်တိုင် သံဃာပါမကျန် ဘယ်လို နှိမ်နင်းရမယ်ဆိုတာ သင်တန်းတွေ ပေးတယ်။ အမှန်ပြောရရင် အဲဒီသင်တန်းထဲမှာကို ဦးဇင်းကိုယ်တိုင် ရှိနေတာကို အာဏာပိုင်တွေဘက်က မသိလိုက်ဘူး။ လမ်းလျှောက်တဲ့ နေ့မှာလည်း မိခင်နဲ့ကလေး စောင့်ရှောက်ရေးနေရာမှာ စွမ်းအားရှင်တွေနဲ့ အာဏာပိုင်တွေနဲ့ စပြီးပေါင်းပြီ။ စွမ်းအားရှင်တွေ အဲဒီရုံးရှေ့ ရောက်လာတဲ့အခါ ရဲမှူးဦးခင်စိန်ကနေ မင်းတို့အဖွဲ့တွေ ဘယ်မှာလဲ အားလုံး အဆင့်သင့်ဖြစ်ပြီလား မေးလိုက်ကတည်းက ဦးဇင်းတို့ကို အကြမ်းဖက် ဖြိုခွင်းတော့မယ်လို့ သိလိုက်တယ်။
မေး - မြို့မလမ်းအရောက် အ.လ.က (၃) နဲ့ ဆေးရုံကြားမှာ စတင် အကြမ်းဖက်ခံရပုံကို မိန့်ကြားပေးပါဘုရား။
ဖြေ - အရှေ့တိုက်ထဲကနေ မြို့မလမ်းဘက် ဆက်ကြွတော့ အာဏာပိုင်တွေဘက်က စပိတ်တယ်။ အဲဒီမှာ မြို့နယ် သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဦးတေဇောဘာသ တို့ကနေ လာတားတယ်။ ဆက်မကြွနဲ့ မလုပ်ပါနဲ့ လာ တားတယ်။ ဦးဇင်းတို့ကနေ ဆရာတော် ဘာမှမဖြစ်ရဘူး။ သီဟိုဠ်ရှင် ဘုရားရောက်တာနဲ့ သူ့ကျောင်း ကိုယ့်ကျောင်းပြန်မှာ။ ပြည်သူလူထုမှာ ဒီလိုလိုအပ်ချက် တိုင်းပြည်မှာ ဒီလိုတွေ ဖြစ်နေတယ်ဆိုတာ အစိုးရကို သိစေချင်လို့ လုပ်တာဖြစ်တယ်။ အစိုးရကို ရန်ဖြစ်နေတာ မဟုတ်ဘူး။ တပည့်တော်တို့ ကြွစရာရှိတာ ကြွပါ ရစေ ပြောတဲ့အခါ အဲဒီ ဆရာတော်ကနေပဲ တပ်ကို လှမ်းခေါ်တယ်။ ခလရ (၂၃၅) တပ်ရင်းမှူးက ဆင်းလာပြီး အရှင်ဘုရားတို့ ရှေ့ဆက်ပြီး မလျှောက်ပါနဲ့။ ဆက်လျှောက်ရင် တပည့်တော်တို့ ပစ်ရလိမ့်မယ် အမိန့် ပေးပြီးသားလို့ ပြောတယ်။ ဦးဇင်းတို့ကလည်း ပစ်ချင်ရင်ပစ်။ ဒီနေ့ အနောက်တိုက်ကနေ သီဟိုဠ်ရှင် ဘုရား ရောက်မှသာ ပြီးမှာ ပြောတော့ အဲဒီတပ်ရင်းမှူးကပဲ ဝံသပါလဆိုတဲ့ ဦးဇင်းကို ဝင်ချုပ်တယ်။ အဲဒီမှာ ပဋိပက္ခ ဖြစ်သွားတယ်။ မြို့နယ် သံဃာ့ မဟာနာယက ကလည်း ဟိုကိုယ်တော်ဖမ်း ဒီကိုယ်တော်ဖမ်းဆိုပြီး လက်ညှိုးထိုး ဖမ်းခိုင်းတယ်။ မနိုင်မနင်း ဖြစ်သွားချိန်မှာ တပ်ရင်းမှူးက အချက်ပြပြီး သေနတ် ဖောက်ခိုင်း တယ်။ သေနတ် ဖောက်တဲ့အချိန်မှာ ထွက်ပြေးကြရင်း ကျန်ခဲ့တဲ့ သံဃာအပါး ၃၀ လောက်စပြီး အကြမ်းဖက် ခံရတယ်။
မေး - သံဃာတော်တွေကို ဘယ်သူတွေက ဘယ်လို အကြမ်းဖက်ခဲ့တယ် ဆိုတာ မိန့်ကြားပေးပါဘုရား။
ဖြေ- သေနတ်ဖောက်တော့ ဦးဇင်းလည်း အနီးနား ဒကာ၊ ဒကာမတွေ အိမ်ထဲ ဝင်ပြေးရတယ်။ အသင့် စောင့်နေတဲ့ စွမ်းအားရှင် တွေကလည်း တုတ်တွေနဲ့ ဝင်ရိုက်တယ်။ ကုန်းသီးတွေနဲ့ ပစ်တယ်။ ဦးဇင်းအနီးက ဦးသံဝရဆိုရင် ပါးကို ပေါက်ထွက်သွားတယ်။ ဦးဇင်းလည်း ဒကာရဲ့ အိမ်အပေါ်ထပ်ကနေ လှမ်းကြည့်တော့ ခရစ်ယာန် ကျောင်းဝိုင်းထဲ ဝင်ပုန်းတဲ့ ဦးပညာစက္ကရယ် ဦးပညာနန္ဒရယ်ကို စွမ်းအားရှင်နဲ့ စစ်သားတွေက ဝင်ဖမ်းပြီး ကြိုးနဲ့ တုပ်ခေါ်သွားတယ်။ ပြီးတော့ ဓာတ်တိုင်မှာ ချည်ပြီး ရိုက်တယ်။ စစ်သားက ဆဲလည်း ဆဲတယ်။ ဦးဇင်း ကိုယ်တိုင် မြင်လိုက် ကြားလိုက်ရတယ်။ စွမ်းအားရှင်တွေက ရပ်ကွက်ထဲ ထိအောင် ဝင်ရှာတော့ ဦးဇင်းတို့လည်း အတော်နဲ့ ပြန်ကြွလို့မရဘူး။ အတော်အေးဆေးသွားမှ ပြန်ကြွရတယ်။
မေး- ဒီလိုအခြေအနေတွေ ဖြစ်ပျက်ပြီးတဲ့နောက် ကံဆောင် သပိတ်မှောက်မှု ဖြစ်ပေါ်လာပုံကိုလည်း မိန့်ကြား ပေးပါဦးဘုရား။
ဖြေ- အစိုးရဘက်က အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကြိုးနဲ့လည်း မတုတ်ပါဘူး။ ဓာတ်တိုင်မှာလည်း မချည်ပါဘူး။ ရိုက်လည်း မရိုက်ပါဘူး။သေနတ်လည်း မဖောက်ပါဘူးဆိုပြီး ကြေညာတယ်။ အဲဒီအခြေအနေမှာပဲ အာဏာပိုင်ဘက်က အရှေ့တိုက်က ပျံလွန်တော် မူသွားပြီဖြစ်တဲ့ ဆရာတော်ကြီး ဦးဝိပုလကို သူတို့ မလုပ်ပါဘူးဆိုပြီး ဝင်လျှောက်တယ်။ ဆရာတော်ကြီးကလည်း မင်းတို့ ပစ်လား မပစ်လား မသိဘူး ။ ငါ ကိုယ်တိုင် မှတ်ထားတာ ၃၆ ချက်တော့ ကြားလိုက်တယ်ဆိုပြီး ပြန်မိန့်လိုက်တယ်။ ပြည်သူအတွက် လုပ်တဲ့ သံဃာတွေကို ဒီလိုလုပ်တာ ဘာသာရေးအရပဲ ကြည့်ကြည့် ဘယ်လိုပဲကြည့်ကြည့် မသင့်လျော်ဘူး။ ဒါကြောင့် တောင်းပန်မှု မပြုရင် ပတ္တ နိက္ကုဇ္ဇန ကံဆောင်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဦးဇင်းတို့ နောက်ဆုံး သတ်မှတ်တဲ့ စက်တင်ဘာ ၁၈ နေ့မတိုင်မီထိ အစိုးရဘက်က တောင်းပန်ခြင်း မရှိတာကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာပဲ ကံဆောင်မှုကို လုပ်ဆောင်ခဲ့တယ်။
မေး - သပိတ်ကရော ပြန်လှန် ပြီးပြီလား ဘုရား။ ဒီအခြေအနေနဲ့ ပတ်သက်လို့ရော အရှင်ဘုရား ဘာများ မိန့်ကြားချင်ပါလဲ ဘုရား။
ဖြေ- အစိုးရဘက်က တောင်းပန်မှု မရှိတဲ့အတွက် သပိတ်က ခုထိ မလှန်ရသေးပါဘူး။ ဦးဇင်းတို့က ပြည်သူ တွေရှေ့ကနေ ရပ်တည်ပြီး အပြုသဘောဆောင် လုပ်ခဲ့ကြတယ်။ ဒါကို အစိုးရက အသိအမှတ် ပြုပြီးတော့ ပြုပြင် ပြောင်းလဲပေးစရာရှိတာ ပြောင်းလဲပေးရမယ်။ ဖြေလျှော့ သင့်တာတွေ ဖြေလျှော့ရမယ်။ သံဃာတော်တွေကို စော်ကားမိခဲ့တဲ့ အတွက်ကြောင့် တပည့်တော်တို့ ဘယ်လို ပြုမှုမိပါတယ်ဆိုပြီး တောင်း ပန်သင့်တယ်။ ဒါက ဘာမှ မခဲယဉ်းပါဘူး။ ဗုဒ္ဓဘာသာတွေ ဖြစ်တဲ့အတွက် မေတ္တာရှေ့ထားပြီး ခွင့်လွှတ် သွားမယ်။ သူတို့အနေနဲ့ လုပ်ခဲ့တာတွေကို တာဝန်ယူမှု ရှိစေချင်ပါတယ်။
ဦးစိန္တိတ
သက်တော် ၃၆ နှစ်၊ ဝါတော် ၁၆ ဝါ
(ပခုက္ကူ သံဃာ့အရေးအခင်းကြောင့် ထောင်ဒဏ်လေးနှစ် ကျခံခဲ့ရသည်)
သံဃာတော်တွေကို စော်ကားမိခဲ့တဲ့ အတွက်ကြောင့် တပည့်တော်တို့ ဘယ်လို ပြုမှုမိပါတယ်ဆိုပြီး တောင်းပန်သင့်တယ်