“မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတာတော့ ကြာပါပြီ။ အဲဒါကို လူတိုင်းသိပါတယ်။ အဲဒီတော့ အားလုံးပိုပြီးသိထားမိအောင် Failed Law ကမ်ပိန်းကို လှုပ်ရှားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေတွေ အများကြီးရှိနေတယ်ဆိုတဲ့ အသိပေးမှုနဲ့ ရွေးကောက်ပွဲ မတိုင်မီ အချိန်ကိုက်လုပ်တယ်။ ဒီလို ယိုယွင်းပျက်စီးနေတဲ့ ဥပဒေတွေကို ဖျောက်ဖျက်ပြင်ဆင်နိုင်ဖို့က လွှတ်တော်မှာပဲ ပြုလုပ်နိုင်မယ်။ failed Law တွေပျောက်ပြီး Rule of Law ဖြစ်ဖို့က လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေ အမှန်တကယ်ယုံကြည်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးဖို့လိုအပ်တယ်ဆိုတာ အသိပေးရည်ရွယ်တာလည်း ပါဝင်ပါတယ်” ဟု Failed Law လှုပ်ရှားမှုနှင့် ပတ်သက်ပြီး တကသ အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဖိုးသားက ပြောကြားခဲ့ရာ Failed Law လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ၎င်းကို တွေ့ဆုံ မေးမြန်းထားမှုများအား ပြန်လည်ဖော်ပြအပ်ပါသည်။
မေး။ Failed Law လှုပ်ရှားမှု စတင်လုပ်ဖြစ်ခဲ့တဲ့ အကြောင်း ပြောပြပေးပါ။
ဖြေ။ ဓာတ်ပုံကမ်ပိန်းကို သြဂုတ် ၂၃ ရက်က ကျောင်းသားတွေဦးဆောင်ပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်းမှာ စတင်ပြုလုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကဏ္ဍအစုံ၊ အဖွဲ့အစည်းစုံနဲ့ ပူးပေါင်းပြီး ပိုမိုကျယ်ပြန့်လာအောင် လုပ်ခဲ့ပါတယ်။
မေး။ Failed Law ကမ်ပိန်းကို ကျယ်ပြန့်လာအောင် ဘယ်လိုလုပ်ဆောင်နေပါလဲ။
ဖြေ။ အခုဆို ကာတွန်းဆရာ၊ အနုပညာရှင် အချို့နဲ့ပူးပေါင်းပြီး Failed Law ကမ်ပိန်းကို အရှိန်မြှင့်လာတယ်။ Failed Law ကမ်ပိန်းကို ကျောင်းသားတွေတင် မဟုတ်တော့ဘဲ အလုပ်သမားတွေရော၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေရော၊ လယ်သမားတွေရော စတဲ့ လူတန်းစားအလွှာအသီးသီးက ပါဝင်လာပါပြီ။ ကျွန်တော်တို့ကျောင်းသားတွေက ကာတွန်းဆရာတွေနဲ့ သွားတွေ့တယ်။ ကာတွန်းဆရာတွေ ဆုံပြီး မြန်မာနိုင်ငံရဲ့ တရားစီရင် ရေးအပေါ် သူတို့အမြင်တွေကို မေးမြန်းဖြစ်ခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ယိုယွင်းပျက်စီးနေတဲ့ အကြောင်းကို သူတို့တတ်စွမ်းတဲ့ ကာတွန်းလေးဆွဲပေးဖို့ အကူညီတောင်းတယ်။ သူတို့ကလည်း Failed Law ကမ်ပိန်းနဲ့ ပတ်သက်ပြီး ကာတွန်းဆွဲပေးပြီး ပါဝင်လာခဲ့တယ်။ ကဗျာဆရာတွေကလည်း Failed Law ကမ်ပိန်း အကြောင်း ကဗျာတွေ ရေးပေးပြီး ပါဝင်လာခဲ့တယ်။ ရုပ်ရှင်အနုပညာရှင်တွေထဲမှာတော့ ဒါရိုက်တာဝိုင်းနဲ့ ပူးပေါင်းပြီး Failed Law အင်္ကျီကမ်ပိန်း လှုပ်ရှားမှုပြုလုပ်ခဲ့တယ်။ တခြားအနုပညာရှင်တွေနဲ့ လည်းပူးပေါင်းပြီး Failed Law ကမ်ပိန်းလှုပ်ရှားဖို့ ချိတ်ဆက်ထားတာရှိပါတယ်။
မေး။ Failed Law လှုပ်ရှားမှုကို တရားရုံး ရုံးချိန်းတွေမှာ လုပ်ဆောင်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ကျွန်တော်တို့အနေနဲ့ မတရားတဲ့ဥပဒေတွေနဲ့ တရားစွဲဆိုခံတွေရဲ့ရုံးချိန်းတွေမှာ အဓိကထားပြီး လှုပ်ရှားဖြစ်တယ်။ ဥပမာ ကိုထင်ကျော်ရုံးချိန်းတို့၊ အလုပ်သမားရုံးချိန်းတို့၊ ကျောင်းသားရုံးချိန်းမှာ လုပ်ဖြစ်တယ်။ သူတို့တွေသည် အမှန်တကယ် မတရားတဲ့ဥပဒေတွေနဲ့ တရားစွဲခံထားရတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝေဖန်ထောက်ပြနေတဲ့ကြားထဲ ကပဲ ယိုယွင်းပျက်စီးနေတဲ့ ဥပဒေတွေနဲ့ လုပ်ခလစာ ၁၀၀၀ တိုးတောင်းခဲ့တဲ့ အလုပ်သမား ခေါင်းဆောင်နှစ်ဦးကို ထောင်နှစ်နှစ်ခြောက်လ ချမှတ်ခဲ့တယ်။တကယ်တည်း Failed Law တွေကို ဘယ်နေရာတွေမှာမှ ရှာကြည့်နေစရာ မလိုပါဘူး။ တရားရုံးတွေမှာပဲ Failed Law တွေက ပျံ့နှံ့နေတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။
မေး။ Failed Law လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ခံထားရတယ်လို့ သိရတယ် ပြောပြပေးပါ။
ဖြေ။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိတာတော့ ကြာပါပြီ။ အဲဒါကို လူတိုင်းသိပါတယ်။ အဲဒီတော့ အားလုံးပိုပြီး သိထားမိအောင် Failed Law ကမ်ပိန်းကို လှုပ်ရှားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေတွေ အများကြီးရှိနေတယ်ဆိုတဲ့ အသိပေးမှုနဲ့ ရွေးကောက်ပွဲမတိုင်မီ အချိန် ကိုက်လုပ်တယ်။ ဒီလိုယိုယွင်းပျက်စီးနေတဲ့ ဥပဒေတွေကို ဖျောက်ဖျက်ပြင်ဆင်နိုင်ဖို့က လွှတ်တော်မှာပဲ ပြုလုပ်နိုင်မယ်။ Failed Law တွေပျောက်ပြီး Rule of Law ဖြစ်ဖို့က လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေ အမှန်တကယ် ယုံကြည်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးဖို့ လိုအပ်တယ်ဆိုတာ အသိပေး ရည်ရွယ်တာလည်း ပါဝင်ပါတယ်။ ကျွန်တော့်ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး အာမခံ ယူတာတို့၊ ကိုယ်ပိုင်ခံဝန် ယူတာတို့၊ ပြုလုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် ဒီဥပဒေကို မယုံကြည်ဘူး။ တရားစွဲခဲ့ရင်လည်း တရားရင်ဆိုင်မှာ မဟုတ်ဘူး။ Failed Law ကမ်ပိန်းကို စပြီးလုပ်ဆောင်တုန်းကလည်း ကျွန်တော်တို့ ကျောင်းသားတွေ အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံထဲမှာ တစ်ယောက်ချင်း Failed Law စာရွက်ကိုင်ပြီး ဓာတ်ပုံရိုက်တယ်။ ပြီးတော့ အုပ်စုလိုက် ဓာတ်ပုံရိုက်တယ်။ အဲ့ဒါကို ကျောက်တံတား ရဲစခန်းက လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ငြိမ်း၊ စု၊ စီ ပုဒ် မ-၁၈နဲ့ အမှုဖွင့်တယ်။ ကျွန်တော်တို့ ပြန်မေးချင်တာက အများပြည်သူ လွှတ်လပ်စွာ အပန်းဖြေတဲ့ ပန်းခြံထဲမှာ လွတ်လပ်စွာ စာရွက်ကိုင်ပြီး ဓာတ်ပုံရိုက်တာက ပုဒ်မ-၁၈နဲ့ အမှုဖွင့် တရားစွဲလို့ရလားလို့ မေးချင်ပါတယ်။
မေး။ တရားရုံးချိန်းတွေမှာ Failed Law လှုပ်ရှားမှု ပြုလုပ်တဲ့အခါ ဘယ်လိုမျိုး အခက်အခဲတွေ ရှိပါသလဲ။
ဖြေ။ Failed Law အစ လှုပ်ရှားမှုဖြစ်တဲ့ စာရွက်တွေ ဝေတုန်းကလည်း စာရွက်တွေကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့တယ်။ ကိုဇေယျာလွင်တို့ ကျောက်တံတားရုံးချိန်းမှာ Failed Law အင်္ကျီကမ်ပိန်း စလုပ်တဲ့အခါမှာလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ပင်တားဆီးမှုကို ခံခဲ့ရတယ်။ အင်္ကျီဝတ်ပြီး တရားရုံးထဲ ပေးမဝင်တာတို့၊ တရားခွင်ထဲ ပေးမဝင်တာတို့ ကြုံခဲ့ရတယ်။ ကိုဇေယျာလွင်တို့ဆိုရင် အင်္ကျီမချွတ်ရင် အချုပ်ကားပေါ်က မဆင်းခိုင်းဘူး။ ရုံးမထုတ်ဘူးလို့ ခြိမ်းခြောက်တာ၊ တရားရုံး တင်မစစ်တာတို့ ကြုံခဲ့ရတယ်။ ကျွန်တော်တို့က ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ရှင်းပြတယ်။ ကျွန်တော်တို့ ဝတ်ဆင်ထားတဲ့ အင်္ကျီသည် တရား ဥပဒေစိုးမိုးမှုကို လုံးဝပျက်ပြားစေတဲ့ အရာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ယိုယွင်းပျက်စီးနေတဲ့ ဥပဒေတွေပြင်ဆင်နိုင်အောင် အများပြည်သူသိအောင် မက်ဆေ့ချ်ပေးတာလို့ ရှင်းပြခဲ့တယ်။ ပြီးတော့ Failed Law တွေရဲ့ ဆိုးကျိုးကို ကျွန်တော်တို့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေ တင်ခံစားနေရတာ မဟုတ်ပါဘူး။ အစိုးရ ဝန်ထမ်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ခံစား နေရတယ်။သန်လျင်မှာ အသတ်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင်လည်း ရဲနှစ်ဦးက Failed Law ကို ခံစားသွားရတယ်။ ရဲလက်စွဲ ဥပဒေမှာက လူဆိုးတစ်ယောက်ကိုဖမ်းရင် လိုအပ်တဲ့ လက်နက် ကိရိယာအားလုံး ယူဆောင်သွားခွင့်ရှိတယ်။ ရဲဝန်ထမ်းနှစ်ဦးက ရဲလက်စွဲ ဥပဒေအတိုင်း မလုပ်ဆောင်လိုက်ရဘဲ အထက်ရဲ့အမိန့်အရ ဆိုတဲ့အတိုင်း ဒီအတိုင်းသွား ဖမ်းတဲ့အခါ မလိုလားအပ်ဘဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်လည်း Failed Law ရဲ့ ဒဏ်ကိုခံနေရပါတယ်။ ဥပမာ သူတို့ အနေနဲ့ အထက်က အမိန့်အတိုင်း ကျွန်တော်တို့ကို အင်္ကျီမဝတ်ခိုင်းဖို့ ဖိအားပေးတယ်။ ဘာကြောင့် မဝတ်ခိုင်းတာလဲလို့ ပြန်မေးတဲ့အခါ သူတို့မှာ အဖြေမရှိပါဘူး။ရဲတပ်ဖွဲ့ဝင် အနေနဲ့ ဒီလို Failed Law ပျောက်ဖို့ အတွက် ကျွန်တော်တို့ ကမ်ပိန်းမှာ ပါဝင်ဖို့ တိုက်တွန်း လိုပါတယ်။
မေး။ Failed Law လှုပ်ရှားမှုကို သက်ဆိုင်ရာက တားဆီးပိတ်ပင်မှု ကြုံတွေ့လာခဲ့ရင် ဘယ်လို ဆက်လက်လုပ်ဆောင်သွား ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ။ ကျွန်တော်တို့ ကမ်ပိန်းပုံစံကိုက ဆင်တူ အင်္ကျီဝတ်ပြီး ငြိမ်းချမ်းညင်သာတဲ့ လုပ်ဆောင်မှုပါ။ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ကြွေးကြော်တာလည်း မပါဘူး။ မတရားဥပဒေနဲ့ တရား ရင်ဆိုင်နေရတဲ့သူတွေ အပေါ်အားပေးဝန်းရံ နေတာပါ။ အဲ့ဒါကို သက်ဆိုင်ရာက တားဆီးပိတ်ပင်ခဲ့မယ်။ ဖမ်းဆီးခဲ့မယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က အညင်သာဆုံးနည်းလမ်းတွေနဲ့ပဲ ရင်ဆိုင်ဖြေရှင်းသွားမှာပါ။
မေး။ ကမ်ပိန်း ဦးဆောင်လှုပ်ရှားသူတစ်ယောက် အနေနဲ့ ဒီလှုပ်ရှားမှုအပေါ် ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ။ ကျောင်းသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုတဲ့အတွက် ထောင်ထဲ ရောက်သွားကြတယ်။ အလုပ်သမားတွေ လုပ်ခလစာငါးရာ၊ တစ်ထောင်တိုးတောင်းတဲ့ အတွက် ထောင်ထဲရောက်သွားကြတယ်။ လယ်သမားတွေလည်း ထိုနည်းလည်းကောင်း အသိမ်းဆည်းခံ မြေ၊ လယ် ပြန်ရဖို့တောင်းရင်း ထောင်ထဲရောက်သွားတယ်။ လူဆိုးသွားဖမ်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရဲလက်စွဲဥပဒေ အတိုင်း မရှိခဲ့တဲ့အတွက် သေဆုံးခဲ့ရတယ်။ ဒီကိစ္စတွေအပြင် အပြစ်မဲ့ သေဆုံးခဲ့တဲ့ ကိုပါကြီး၊ လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေဆုံးတဲ့ဖြစ်စဉ်တွေဟာ Failed Law လို့ခေါ်တဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အတွက်ဖြစ်ပေါ်နေတာ။ အဲ့လို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ဖြစ်စဉ်တွေ၊ မတရားဥပဒေတွေ၊ ယိုယွင်းပျက်စီးနေတဲ့ ဥပဒေကို ဖျောက်ဖျက် ဖယ်ရှားနိုင်ဖို့က ပြည်သူတွေ ယုံကြည်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်မှ ပြုလုပ်နိုင်မှာပါ။ အဲ့တော့ ပြည်သူတွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေကို အကာအကွယ်၊ အကျိုးပြုနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးရင်း လွှတ်တော်ထဲ အရောက်ပို့ပေးကြဖို့ တိုက်တွန်းလိုပါတယ်။