နှစ်ကြိမ်ဆက် ရေဘေးသင့်ခံခဲ့ရသော ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ တောင်သူကိုဇော်ဇော်နှင့် တွေ့ဆုံခြင်း
မကွေးတိုင်းဒေသကြီး မုန်းချောင်း၊ မန်းချောင်းနှင့် ဧရာဝတီမြစ်တို့၏ ကမ်းဘေးဝဲယာရှိ မြို့များနှင့် ကျေးရွာပေါင်းရာနှင့်ချီ ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းက ဆယ်ရက်ကျော်ကြာ ရေဘေးသင့် ခံခဲ့ကြရသည်။ ထို့နောက် စက်တင်ဘာလဆန်းပိုင်းက ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ ထို မြစ်ဘေးဝဲယာရှိ မြို့များနှင့် ကျေးရွာများ ဒုတိယအကြိမ် ရေဘေးသင့်လျက်ရှိသည်။ ထိုသို့ ရေဘေးကို နှစ်ကြိမ်ဆက် ကြုံတွေ့ခဲ့ရသူများအနက် ပွင့်ဖြူမြို့နယ် မုန်းချောင်းနှင့် ဧရာဝတီမြစ်ဆုံရာအနီး ခုံစုကျေးရွာမှ အသက် ၃၈ နှစ်ရှိ တောင်သူကိုဇော်ဇော်အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး - ကိုဇော်ဇော်တို့ရွာတွေမှာ ပထမတစ်ကြိမ်ရေကြီး ရေလျှံမှုဖြစ်ခဲ့တဲ့အခြေအနေတွေ ပြောပြပေးပါ။ အရင် ကရော အဲဒီလောက်ရေကြီးတာ တွေကြုံခဲ့ရဖူးလား။
ဖြေ - အရင်က ရွာပေါ်အထိ ရေရောက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက တစ်နေ့ကို ခြောက်လက်မလောက်ဘဲ တက်လာလေ့ရှိခဲ့ပြီး ရက်အကြာကြီးလည်း မတက်ပါဘူး။ အခုပထမအကြိမ် ရေကြီးတုန်းက တစ်နေ့တည်းနဲ့ ရေက တစ်တောင်ခွဲလောက် မြင့်တက်လာတာပါ။ အဲဒီကနေ နှစ်ရက် လောက်အတွင်း လူတစ်ရပ်လောက်အထိ မြင့်တက်ခဲ့တာပါ။ ပြီးတော့ ဆယ်ရက်ကျော်လောက် ကြာခဲ့ပါတယ်။ ရေတွေ ရုတ်တရက်တက်လာခဲ့တော့ ပစ္စည်းတွေလည်း ရွှေ့ချိန်မရဘဲ စက်တွေရေနစ်တာတွေ၊ တချို့ပစ္စည်း တွေ ရေထဲမျောပါတာတွေရှိခဲ့ပါတယ်။ အရင်နှစ်တွေက ရေတက်တော့မယ်ဆိုရင် နွားတွေကို ကုန်းမြင့်ပိုင်းရွာတွေဆီ ကြိုပြီးပြောင်းရွှေ့ကြပါတယ်။ အခုရေကြီးခဲ့တာက ချက်ချင်းကြီးဆိုတော့ နွားတွေကို ဖောင်တွေနဲ့တင်ပြီး ရွှေ့ခဲ့ရတယ်။ ဖောင်ဖိုးမတတ်နိုင်သူတွေက လူတစ်ရပ်လောက်မြုပ်တဲ့ ရေထဲကနေ နွားတွေဆွဲရွှေ့ကြတော့ နွားတွေမျောပါကုန်ခဲ့ပါတယ်။ တချို့နွားတွေ သေကုန်တာရှိသလို တချို့နွားတွေကို ရေပြန်ကျမှ လိုက်ရှာကြရတယ်။ ပြန်ရှာလို့တွေ့တဲ့ နွားတွေကို တချို့က ငွေနဲ့ပြန်ရွေးရတာတွေလည်း ရှိ ပါသေးတယ်။ ကျွန်တော်တို့ရွာက ပွင့်ဖြူ မြို့နယ်အစပ်ဆိုတော့ လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်ပြီး ကူညီကယ်ဆယ်မှုတွေ အတော်လေးအရောက်နည်းခဲ့ပါတယ်။ ရေကြီးမှာကို ကြိုတင်အသိပေးကြေညာတာတွေ လည်း မရှိခဲ့ပါဘူး။
မေး - ရေကြီးနေတဲ့ရက်တွေမှာ ဘာအခက်အခဲတွေ အဓိက ရင်ဆိုင်ခဲ့ရလဲ။
ဖြေ - ဘာခက်ခဲလဲဆို အခက်အခဲတွေချည်းပါပဲ။ ရေပြင်ကြီးထဲမှာ နေနေရပေမယ့် ရေကသောက်ဖို့ မပြောနဲ့ မျက်နှာသစ်လို့တောင် မရပါဘူး။ အနည်တွေများလွန်းနေလို့ သုံး ရက်လောက် အိုးနဲ့တိမ်ထားပြီးမှ သုံးလို့ ရ ပါတယ်။ အနိမ့်ပိုင်းအိမ်တွေမှာ ရေက အိမ်ကြမ်းပြင်နဲ့ထိနေတော့ ညဆိုရင် မြွေတွေ အိမ်ပေါ် တက်လာတတ်လို့ ကောင်းကောင်း မအိပ်ရဲကြပါဘူး။ ကျွန်တော်တို့ရွာတွေမှာ ရေကြီးရင် ညနေ ခြောက်နာရီလောက်မှာ အိမ်ကြမ်းပြင်တွေကို တုတ်နဲ့ ပုတ်တဲ့ဓလေ့ ရှိပါတယ်။ မြွေတွေဘာတွေခိုအောင်း မနေ အောင်ပေါ့။ အဲဒီလိုကြမ်းပုတ်ထားပေမယ့် ညဆိုရင်မြွေတွေတက်လာတတ်လို့ ဓာတ်မီး ထိုးစောင့်ကြည့်နေပြီး တက်လာတဲ့ မြွေတွေ ကို ရိုက်ချနေခဲ့ကြရပါတယ်။
မေး - ရေကျပြီးချိန်မှာရော ဘာတွေထပ်ဖြစ်ခဲ့သေးလဲ။ ပျက်စီးဆုံးရှုံးမှုတွေရော ဘာတွေရှိခဲ့လဲ။
ဖြေ - ရေကြီးတာက နှမ်းတွေရိတ်ပြီး ပုံထားတဲ့အချိန်ဆိုတော့ နှမ်းပုံတွေအကုန် ရေနစ်ကုန်ပါတယ်။ မျိုးစေ့လှောင်တဲ့ စင်တွေမြင့်မြင့်ဆောက်မထားတဲ့ အိမ်တွေမှာ မျိုးစေ့တွေ ရေနစ်ခဲ့ပါတယ်။ နှမ်းတွေက ဆယ်ဧကလောက်စိုက်ထားတဲ့ တောင်သူဆိုရင် ကျပ် သိန်း ၂၀ ဖိုးလောက်ဆုံးရှုံးခဲ့ကြတာပါ။ စာသင် ကျောင်းတွေကိုလည်း တစ်လလောက် ပိတ်ထားခဲ့ရပါတယ်။ ကလေးတွေအများစု တုပ်ကွေးတွေဖြစ်ကြပြီး သွေးလွန်တုပ်ကွေးတွေလည်း ဖြစ်ကြပါတယ်။ ကျွန်တော့်ကလေးနှစ်ယောက်လုံး သွေးလွန်တုပ်ကွေး ဖြစ်ခဲ့ပြီး ပွင့်ဖြူဆေးရုံကို ပို့ခဲ့ရပါတယ်။ ဆေးရုံမှာ သွေးလွန်တုပ်ကွေး လူနာတွေများလွန်းတော့ ပုံမှန်ဆိုရင် ခုနစ်ရက်လောက်ကုရမယ့် ကလေးတွေကို နှစ်ရက်ထဲနဲ့ ဆင်းလွှတ်ခဲ့ပါတယ်။ ရေပြန်ကျသွားတော့ ကမ်းတွေပြိုလို့ လူနေအိမ်တွေ ရွှေ့ကြရပြန်ပါတယ်။ ကမ်းပြိုတာမရပ်လို့ ရွာကစာသင်ကျောင်းကိုလည်း ရွှေ့ရတော့မှာပါ။
မေး - ရေကြီးတာက ဆယ်ရက်ကျော်လောက်ကြာခဲ့တော့ အဲဒီရက်တွေမှာ လက်လုပ်လက်စားသမားတွေက စားဝတ်နေရေး ဘယ်လိုတွေ ဖြေရှင်းခဲ့ကြလဲ။
ဖြေ - ရေကြီးတာက ဆယ်ရက်ကျော်ဆိုပေမယ့် ရေမကြီးခင်ကတည်းက မိုးကတစ်ပတ်လောက် ဆက်တိုက်ရွာခဲ့တော့ လက်လုပ်လက်စားတွေက အလုပ်လက်မဲ့နဲ့ရက် ၂၀ ကျော်လောက် နေခဲ့ရတာပါ။ အစောပိုင်းရက်တွေမှာတော့ တောင်သူကြီးတွေဆီက ငွေကြိုထုတ်ကြတယ်။ နောက်ပြီး ဆွေမျိုးနီးစပ်တွေဆီက ဆန်ချေးတာတို့ မျှစားတာတို့ လုပ်ကြပါတယ်။ ရက်လည်းရှည်လာတော့ ကူညီလှူဒါန်းသူတွေကိုပဲ အားကိုးရတော့တာပါ။ ကျွန်တော်တို့ရွာတွေက ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူး သုံးမြို့နယ်ရဲ့ အစပ်မှာဆိုတော့ တကူးတကကြီးကို လာလှူကြသူတွေပဲ ရောက်လာကြတာပါ။ အဲဒီမှာ အလဲဗင်းက လာလှူတာက အများဆုံးရခဲ့တာပါပဲ။ ဒါအခြားလာလှူသူတွေကို ကျေးဇူးမတင်လို့ ပြောတာမဟုတ်ပါဘူး။ ရွာမှာ စက်လှေကြီးကြီးကလည်း မရှိတော့ နယ်ထွက်ပြီးလည်း အလှူမခံနိုင်ခဲ့ကြပါဘူး။ အဲဒီတော့ ရှိတာကို မျှစားကြရတဲ့ သဘောပါပဲ။
မေး - ကူညီလှူဒါန်းမှုတွေကရော အများပြည်သူတွေဆီကပဲလား။ အစိုးရပိုင်းကရော ဘာတွေထောက်ပံ့ ပေးခဲ့လဲ။
ဖြေ - ပရဟိတအဖွဲ့တွေ၊ အင်န်ဂျီအိုတွေပဲ အလာများခဲ့တာပါ။ အစိုးရက ရေကျပြီးစမှာ လယ်တစ်ဧကအတွက် မျိုးစပါးတစ်တင်းစီပဲ ပေးခဲ့ပါတယ်။ ပုံမှန်ဆိုရင် လယ်တစ်ဧကကို စပါးသုံးတင်းလောက်စိုက်ရတာပါ။ အဲဒီ တော့ မျိုးစေ့လည်း မဝယ်နိုင်ကြတာရယ်။ ဝယ်ချင်လို့လည်း မျိုးစေ့ရှားတာရယ်ကြောင့် စပါးတစ်တင်းနဲ့ နှံ့အောင် ပျိုးထောင်မစိုက်နိုင်ဘဲ ပက်ကျဲခဲ့ကြရပါတယ်။ နောက်ထပ် တစ်အိမ်ထောင်ကို ကျပ်တစ်သောင်းနှုန်းနဲ့ အစိုးရကပေးတာဆိုပြီး ရခဲ့ပါတယ်။ အဲဒီငွေကိုလည်း ကျွန်တော်တို့ရွာမှာ အိမ်ထောင်စုတွေအတွက် မပေးနိုင်ခဲ့ပါဘူး။ ကမ်းပြိုလို့ ရွာကစာသင်ကျောင်းကို ရွှေ့ရမှာဆိုတော့ အဲဒီငွေကို ကျောင်းရွှေ့ဖို့အတွက် ဘုံငွေအဖြစ်ထားခဲ့တာပါ။
မေး - အခု ဒုတိယအကြိမ် ရေကြီးလာတော့ရော ဘာတွေထပ်ပြီး ဆုံးရှုံးခဲ့လဲ။
ဖြေ - အခုရေကြီးတော့ ပထမရေကျပြီးစ စိုက်ခဲ့တဲ့ သီးနှံစိုက်ခင်းတွေအကုန်လုံး ရေမြုပ်ကုန်ခဲ့ပါပြီ။ ကျွန်တော်တို့ ဆည်မုန်းအုပ်စုထဲမှာတင် စိုက်ပျိုးမြေဧက လေးထောင် လောက်ရှိပါတယ်။ လယ်က ဧကနှစ်ထောင်လောက်ရှိတာပါ။ အဲဒီလယ်တွေမှာ မကြာခင်ကမှ စိုက်ထားတဲ့ စပါးတွေ ရေမြုပ်ကုန်ပါပြီ။ ကျွန်တော်ကတော့ အထက်ပိုင်းမှာ စိုးရိမ်ရေမှတ်ထိ ပြန်တက်နေပြီလို့ သတင်းတွေ နားထောင်ရကတည်းက ဘာမှထပ်ပြီး မစိုက်ရဲခဲ့ပါဘူး။ အခု မစိုက်လိုက်တာက အမှန်ဖြစ်သွားပါတယ်။ ရေပြန်တက်လာတော့ ကျောင်းတွေလည်း ပိတ်လိုက်ရပြန်ပါပြီ။ အရင်ကတိုင်း အကင်းမသေသေးတဲ့ တုပ်ကွေးတွေလည်း ပြန်ထလာပါတယ်။ နွားတွေကို အခြားရွာမှာရွှေ့ထားရတော့ နွားတစ်ရှဉ်းကို တစ်နေ့အတွက် နွားစာဖိုး ကျပ် ၁၂၀၀ ကုန်ကျပါတယ်။
မေး - ကိုဇော်ဇော်အနေနဲ့ ဘာများသီးသန့်ပြောချင်ပါသေးလဲ။
ဖြေ - သီးသန့်ပြောဆို ဘာပြောရမှန်းကို မသိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရွာတွေမှာ တစ်ပူပေါ်နှစ်ပူဆင့်ဆိုတာလောက်ကို မကတော့ဘူးလေ။ ပထမ ရေကြီးပြီးလို့ ရေကျသွားတော့ ကမ်းပြိုတယ်။ ကမ်းပြိုလို့ အိမ်တွေရွှေ့ပြီး စာသင်ကျောင်းပါ ပြောင်းဖို့ပြင်နေတုန်း ရေထပ်ကြီးတယ်ဆိုတော့ လူတွေက စိတ်ဓာတ်တွေကျလာကုန်တယ်။ စိတ်ဓာတ်မကျလို့ အလုပ်လုပ်ရအောင်လည်း ဘာမှလုပ်ကိုင်မရဘူးလေ။ အဲဒီတော့ ကူညီလှူဒါန်းသူတွေ လာလှူတာလေးတွေပဲ ခြစ်ခြုတ်စားသောက်နေကြရတော့တယ်။
မေးသမျှတွေ ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။