“တိုင်းပြည်လည်း အနှိမ်ခံဘဝက လွတ်မြောက်လာမယ်လို့ ယုံကြည်ချက်နဲ့ အခမဲ့ စာကြည့်တိုက်ကို ဖွင့်လှစ်တာ ဖြစ်ပါတယ်” မန္တလေး အခမဲ့စာကြည့်တိုက် တည်ထောင်သူ ကိုဇော်ဇော်နှင့် တွေ့ဆုံခြင်း

“တိုင်းပြည်လည်း အနှိမ်ခံဘဝက လွတ်မြောက်လာမယ်လို့ ယုံကြည်ချက်နဲ့ အခမဲ့ စာကြည့်တိုက်ကို ဖွင့်လှစ်တာ ဖြစ်ပါတယ်” မန္တလေး အခမဲ့စာကြည့်တိုက် တည်ထောင်သူ ကိုဇော်ဇော်နှင့် တွေ့ဆုံခြင်း
Published 10 September 2015
ယမင်းသူ

မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ် ဒေသကနေ ရန်ကုန်မြို့ကြီးကို ရောက်ရှိလာခဲ့ပြီး စာပေထဲက အသိအလိမ္မာတွေ ပြည်သူတွေထဲ ပျံ့နှံ့စေဖို့ နည်းလမ်းသစ်တွေနဲ့ ကြိုးစားခဲ့တဲ့ ငါးကင်ရောင်းချရင်း မန္တလေး အခမဲ့ စာကြည့်တိုက်ကို တည်ထောင်ထားသူ ကိုဇော်ဇော်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ မန္တလေး အခမဲ့ စာကြည့်တိုက်အကြောင်း မေးမြန်းခဲ့ပါတယ်။မေး- အခမဲ့စာကြည့်တိုက် ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက် ကို ပြောပြပါ။ဖြေ- ကျွန်တော်က ကျောက်ပန်းတောင်းရဲ့ တောင်ဘက် အညာဒေသကပါ။ ကျွန်တော်က ရန်ကုန်ကို အသိပညာ ရှာမယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တက်လာခဲ့ပါတယ်။ ကျွန်တော်က လေးတန်းပဲ အောင် ပါတယ်။ ကျွန်တော် စာဖတ်ရင်းနဲ့ စဉ်းစားတတ်တဲ့ အတွေးအခေါ်တွေ ရလာတယ်။ ကျွန်တော့်လို လေးတန်းအောင် တစ်ယောက်တောင် စာပေတွေ ဖတ်လိုက်တာ အသိပညာတွေ ရှိလာတယ်။ ဘွဲ့ရ ပညာတတ်တွေသာ ဒီစာပေတွေကို ဖတ်ရင် အရမ်း တိုးတက်မှာပဲ။ တိုင်းပြည်လည်း အနှိမ်ခံဘဝက လွတ်မြောက်လာမယ်လို့ ယုံကြည်ချက်နဲ့ အခမဲ့ စာကြည့်တိုက်ကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။မေး- စာကြည့်တိုက်ကို ဘယ်အချိန်က စဖွင့်ခဲ့လဲ။ဖြေ- ၂၀၀၈ ခုနှစ်လောက်က စဖွင့်တယ်။ သူများ အိမ်ထဲမှာလည်း ကျွန်တော်ဖွင့်တာပဲ။ ကျွန်တော် စာအုပ်တွေကို သော့ခတ် မထားချင်ဘူး။ကျွန်တော့်လို လမ်းဘေးဈေးသည်၊ အညာသားတစ်ယောက်၊ ပညာမတတ်တဲ့ သူတစ်ယောက် စာပေတွေသာ မဖတ်ခဲ့ရင် အသိပညာ ရှိလာမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော့်လို စာငတ်တဲ့သူတွေ၊ စာမဖတ်နိုင်မှာ ကြောက်တဲ့အတွက် မြန်မာနိုင်ငံအနှံ့ စာအုပ်စာပေ အခမဲ့ငှားတယ်။ အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမန္တလေး အခမဲ့ စာကြည့်တိုက်၊ မန္တလေး ငါးကင် ဖြစ်လာတာပါ။မေး- စာကြည့်တိုက်မှာ စာအုပ်ငှားတဲ့ ပုံစံက ထူးခြားတယ်။ ဂစ်တာတွေ၊ ဇယ်ခုံတွေ ထား,ထားပေးတယ်။ စာအုပ် ဘယ်နှအုပ်ဖတ်ရင် ဒါတွေကို ငှားပေးမယ်ဆိုတဲ့ စနစ်မျိုး ပြုလုပ်ထားတယ်။ အဲဒီအတွေး ဘယ်လိုရ ခဲ့လဲ။ဖြေ- ကျွန်တော်က သူများ လုပ်ပြီးသားကို ထပ်မလုပ်ဘူး။ အမြဲတမ်း ဆန်းသစ် တီထွင်တယ်။ မနေ့က ငါထက် ဒီနေ့ငါ သာအောင်ကြိုးစားမယ်။ အခြား စာကြည့်တိုက်ကို လူ ၁၀ ယောက် လာတယ်ဆိုရင် ကျွန်တော့်စာ ကြည့်တိုက်ကို လူ ၁၀၀ လာအောင် ဘယ်လို လုပ်မလဲပေါ့။ သူများ လုပ်ပြီးသား ကတ်တလောက်တွေ၊ မန်ဘာတွေ မလုပ်ဘူး။ အဓိက ကျွန်တော့် စာကြည့်တိုက်က ရိုးသားမှုပဲ။ ကျွန်တော်က စာပေကို ချစ်တယ်။ စာကြည့်တိုက်မှူးက စာပေကို ချစ်ပြရင် စာကြည့်တိုက်က အောင်မြင်မှာပဲ။ ဒါကြောင့် ကျွန်တော်က ဆန်းသစ် တီထွင်ပြီး ဖွင့်တယ်။  မေး- ဒီစာကြည့်တိုက်အတွက် စာအုပ်တွေကို ဘယ်လို စုဆောင်းလဲ။ဖြေ - စာအုပ်ကို တစ်နေ့ သုံးထောင်ဖိုးစုတယ်။ ကျွန်တော် လက်ဖက်ရည် မသောက်ဘူး။ ကော်ဖီ မသောက်ဘူး။ တစ်နေ့ သုံးထောင်ရအောင် စုတယ်။ တစ်လကို ကိုးသောင်း။ ကိုးသောင်းမှာ အသစ်ကို ငါးသောင်းဖိုး ဝယ်တယ်။ အဟောင်းကို လေးသောင်းဖိုး ဝယ်တယ်။ ပိုလျှံလာတဲ့ စာအုပ်တွေကို ကျွန်တော် စာကြည့်တိုက်ကို လှူတယ်။ ငါးကင်ကတော့ ရောင်းကောင်းတဲ့ နေ့ရှိသလို ရောင်းမကောင်းတဲ့ နေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော့် စာကြည့်တိုက်ကြီး ကျရှုံးသွားမှာကို ကျွန်တော် ကြောက်တယ်။ ဒါကြောင့် မကျရှုံးအောင် ကျွန်တော် ကြိုးစားတယ်။ ကျွန်တော် တစ်နေ့သုံးထောင်စုပြီး မြန်မာနိုင်ငံအနှံ့ကို စာအုပ်စာပေ အခမဲ့ငှားတယ်။မေး- အခက်အခဲတွေကော ရှိလား။ဖြေ- ကျွန်တော် ဒီစာကြည့်တိုက် အိမ်လခ မပေးနိုင်မှာ ကြောက်တယ်။ နောက်လမ်းဘေးမှာ ငါးကင်ရောင်းရင်း စည်ပင်ကဖမ်းလို့ ငါးကင် မရောင်းရတော့မှာ စိုးရိမ်တယ်။ ဒါပေမဲ့ ကျွန်တော် စာပေနဲ့ အကောင်းဆုံး ကျော်ဖြတ်ပါတယ်။မေး- ဒီ မန္တလေး အခမဲ့ စာကြည့်တိုက်နဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခဲ့တယ်နော်။ဖြေ- အဝေးရောက်နေတဲ့ မြန်မာတိုင်းရင်းသားတွေက ပေးတဲ့ ပြည်သူ့ဂုဏ်ရည် အထူးဆုပေါ့။ အရမ်း ဝမ်းသာပါတယ်။ကျွန်တော့်လို လမ်းဘေးဈေးသည် တစ်ဦးကို ဒီလို ဆုချီးမြှင့်တဲ့အတွက်။ ကျွန်တော့်အတွက် ခွန်အားလည်း ဖြစ်ပါတယ်။ ဒီဆုရသွားလို့ ကျွန်တော့်မှာ တာဝန်လည်း နည်းနည်း ပိုကြီးသွားတာပေါ့။မေး - မန္တလေး အခမဲ့ စာကြည့်တိုက်ကို ရန်ကုန်မြို့မှာအပြင် တခြား ဘယ်နေရာတွေမှာ ဖွင့်ထားသေးလဲ။ဖြေ - ကျွန်တော် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ ကတောအုပ်စု၊ စည်သာ ကျေးရွာမှာ စာကြည့်တိုက်တစ်တိုက် ဖွင့်ထားပါတယ်။ ရန်ကုန်မှာ တစ်တိုက်ပါ။ နောက်ကျောက်ပန်းတောင်းမြို့ပေါ်မှာ စာကြည့် တိုက်တစ်တိုက် ဖွင့်ပါမယ်။ အားလုံးပေါင်း သုံးခုပါ။ ပြီးသွားရင် မန္တလေးမြို့မှာ ဖွင့်ဖို့ရှိပါတယ်။မေး- ရှေ့ဆက်ပြီးတော့ စာကြည့်တိုက် လုပ်ငန်းဖြစ်စေ အခြားစာပေနဲ့ ပတ်သက်ပြီး လုပ်ဆောင်မယ်လို့ ရည်ရွယ် ထားသေးလဲ။ဖြေ- အများကြီးတော့ မမျှော်လင့်ရဲပါဘူး။ ကျွန်တော်က စာကြည့်တိုက်တွေ ဖွင့်ချင်တယ်။ ကျွန်တော် တတ်နိုင်တဲ့ ဘက်ကနေ ကျွန်တော့်ဘဝကို စာပေထဲမှာ မြှုပ်နှံချင်တယ်။ မြန်မာနိုင်ငံအနှံ့ စာကြည့်တိုက်များစွာ ဖွင့်ခဲ့မယ်။ ဖွင့်နိုင်အောင်လည်း ကျွန်တော် ကြိုးစားမှာပါ။မေး- လူငယ်ထုတွေ စာဖတ်ကြဖို့နဲ့ ပတ်သတ်ပြီး အကြံပေး စကားပြောပြပေးပါ။ဖြေ- လူငယ်များစွာ စာကြည့်တိုက်တွေကို သွားကြပါ။ စာကြည့်တိုက်တွေ ဖွင့်နိုင်အောင် လူငယ်တွေ Group ဖွဲ့ပြီး လုပ်ကြပါ။ လူငယ်ငါးယောက် စာကြည့်တိုက်တစ်တိုက် ဖွင့်နိုင်အောင် ကြိုးစားကြပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြုပြင်ဖို့ အကောင်းဆုံး လက်နက်က စာပေပါ။ ကျွန်တော် ဒီက နိူးဆော်ပါတယ်။ စာကြည့်တိုက်တွေကို Group တွေဖွဲ့ပြီး လမ်းတိုင်း လမ်းတိုင်း ဖွင့်ပေးကြပါ။ စာပေဆိုတာ အရမ်း တန်ဖိုးရှိပါတယ်။

Most Read

Most Recent