အာဏာနိုင်ငံရေး သက်တမ်းကြာမြင့်သွားသည့်အခါ အမျိုးသားနိုင်ငံရေး မျက်နှာဖုံး ပြောင်းလဲတပ်ဆင်ခြင်းမျိုး ပြုလုပ်၍ ပြည်သူကို လှည့်စားခြင်း ရှိသဖြင့် သတိပြုသင့်ကြောင်း ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကို ပြောကြား

အာဏာနိုင်ငံရေး သက်တမ်းကြာမြင့်သွားသည့်အခါ အမျိုးသားနိုင်ငံရေး မျက်နှာဖုံး ပြောင်းလဲတပ်ဆင်ခြင်းမျိုး ပြုလုပ်၍ ပြည်သူကို လှည့်စားခြင်း ရှိသဖြင့် သတိပြုသင့်ကြောင်း ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကို ပြောကြား
Published 12 July 2015
ကျော်ဇင်ဝင်း

အာဏာနိုင်ငံရေးသက်တမ်း ကြာမြင့်သွားသည့်အခါ အမျိုးသား နိုင်ငံရေးမျက်နှာဖုံး ပြောင်းလဲတပ်ဆင်ခြင်းမျိုး ပြုလုပ်၍ ပြည်သူကို လှည့်စားခြင်း ရှိသဖြင့် သတိပြုသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေးဟု ခွဲခြားပြောဆိုနေမှုများအပေါ် သူရဦးအောင်ကိုက သုံးသပ်ပြောကြားခြင်းဖြစ်သည်။အမျိုးသားနိုင်ငံရေးသည် မြင့်မြတ်ဖြူစင်ပြီး အများအကျိုး ပိုမိုသယ်ပိုးနိုင်သည်ဟု ပြောဆိုနေကြပြီး ပါတီနိုင်ငံရေးသည် ကျဉ်းမြောင်းပြီး အတ္တအကျိုးစီးပွား ဦးစားပေးသည်ဟု အမျိုးသားနိုင်ငံရေးနှင့်ယှဉ်၍ နိမ့်ကျသည်ဟု ပြောဆိုနေကြကြောင်း၊ ခေတ်ပြိုင်ကာလတစ်ခုကို နှိုင်းယှဉ်ပြောကြားရပါက မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်တွင် တပ်မတော် အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ တက်လာခဲ့ကာ အမျိုးသားနိုင်ငံရေးလုပ်သည်ဟု ပြောကြားခဲ့ကြောင်း၊ နောက်ပိုင်းတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖွဲ့စည်းကာ ပါတီနိုင်ငံရေးသို့ ကူးပြောင်းခဲ့ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။ပါတီနိုင်ငံရေး၏ အောင်မြင်မှုအဖြစ် စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အား ဥပမာပေး၍ သူရဦးအောင်ကိုက ပြောကြားသည်။လက်ရှိကမ္ဘာတွင် ဘက်စုံဖွံ့ ဖြိုးတိုးတက်ပြီး ရှေ့တန်းရောက်နေသည့် နိုင်ငံများအားလုံး လိုလိုသည် ပါတီနိုင်ငံရေး ကျင့်သုံးသည့် နိုင်ငံများဖြစ်ကာ ပါတီနိုင်ငံတွင် တာဝန်ယူမှု ရှိသကဲ့သို့ တာဝန်ခံမှုသည်လည်း ငြင်းပယ်၍ မရဘဲ မအောင်မြင်၍ ကျဆုံးပါက တာဝန်ခံရမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။ထို့ပြင် သူရဦးအောင်ကိုက တောင်ကိုးရီယားနိုင်ငံအား အမျိုးသားနိုင်ငံရေး၏ အောင်ပွဲအဖြစ် ဥပမာပေးခဲ့ပြီး အင်ဒိုနီးရှားတွင်မူ အာဏာသိမ်း အစိုးရအဖြစ် စတင်တက်လာသည့် ဗိုလ်ချုပ်ကြီးဆူဟာတိုသည် အမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ဆောင်ရွက်ခဲ့ပြီး အရှေ့တောင်အာရှ၏ စစ်ရေး၊ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သော်လည်း အကျင့်ပျက်ခြစားမှု လွန်ကဲလာပြီး ပြည်သူများ ကျေနပ်လောက်သော စီးပွားရေး အဆင့်အတန်းမျိုး မရရှိမှုနှင့် မတည်ငြိမ်မှုများကြောင့် ဆူဟာတိုသည် ပြည်သူများ၏ အရေးယူဒဏ်ခတ်မှုနှင့် နိဂုံးချုပ်ခဲ့ရကာ အမျိုးသားနိုင်ငံရေးကို တာဝန်ယူလျှင် တာဝန်ခံမှု ရှိရမည်ဆိုသည့် ပြယုဂ်ဖြစ်ခဲ့ကြောင်း ပြောကြားသည်။မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အမျိုးသားနိုင်ငံရေးဆိုသည့် ဝေါဟာရအသုံးများ ခေတ်စားလာခဲ့ကြောင်း၊ ယနေ့ထိတွင် ကျယ်နေဆဲဖြစ်ပြီး ဒီမိုကရေစီ တည်ဆောက်သည့် ၂၀၁၁ ခုနှစ်ထိ နှစ် ၂၀ ကျော်ကာလတွင် အာဏာနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေး ရောထွေးနေခဲ့ကာ တိုင်းပြည်၏ နယ်ပယ်ပေါင်းစုံ၌ မြင်သာထင်သာရှိသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိသလို မအောင်မြင်မှု၊ ဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အထူးသဖြင့် လေးသန်းခန့်သော လူငယ်လူရွယ်များသည် နိုင်ငံကို စွန့်ခွာသွားကြပြီး နိုင်ငံရပ်ခြား၌ အများစုသည် ကြုံရာကျပန်း အလုပ်နှင့် ဆင်းရဲဒုက္ခများ ခံစားနေရကြောင်းနှင့် အဆိုပါ ကိစ္စအတွက် တာဝန်ခံမှု ရှိသင့်သည်ဟု ပြည်သူကြားတွင် ဝေဖန်မှုများ ရှိနေကြောင်း သူရဦးအောင်ကိုက ထောက်ပြပြောကြားသည်။“အမျိုးသားနိုင်ငံရေးနှင့် အာဏာနိုင်ငံရေးက များသောအားဖြင့် ရောထွေးနေတတ်တယ်။ အာဏာနိုင်ငံရေးသက်တမ်း ကြာမြင့်သွားတဲ့အခါမှာ အမျိုးသားနိုင်ငံရေး မျက်နှာဖုံး ပြောင်းလဲတပ်ဆင်တာမျိုး ပြုလုပ်ပြီး ပြည်သူကို လှည့်စားတာတွေလည်း ရှိတယ်။ တစ်ခါအမျိုး သားနိုင်ငံရေးက အချိန်ကာလ ကန့်သတ်ချက် မရှိတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အာဏာနိုင်ငံရေးဆီ ပြန်ရောက်သွားကြတယ်။ ဒီနေ့ မြောက်ကိုရီးယားနိုင်ငံ အုပ်ချုပ်သူတွေက အမျိုးသားနိုင်ငံရေးလို့ ကြွေးကြော်နေကြတာကို သတိပြုသင့်တယ်။ ဒါကြောင့် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ဘယ်ဟာက မြင့်မြတ်တယ်။ ကျဉ်းမြောင်းတယ်ဆိုတာကို ပြည်သူတွေကသာ အဆုံးအဖြတ် ပေးရမှာပါ” ဟု သူရဦးအောင်ကိုက ပြောကြားသည်။အလားတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးဟု ခွဲခြားပြောဆိုခြင်းသည် NLD အား မထောက်ခံရန် စတင်ခဲ့သည့် ဝါဒဖြန့်ချိရေး တစ်ခုဖြစ်ပြီး ဒီမိုကရေစီစနစ်တွင် ပါတီများ ရှိရမည်ဖြစ်ကြောင်း ပြောကြားထားသည်။အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လဆန်းတွင် သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံ ခရီးစဉ်၌ NHK သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှု၌ မိမိအနေဖြင့် ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေးဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားမှုကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

Most Read

Most Recent